ယောင်္ကျားတစ်ယောက်ရဲ့ လက္ခဏာတွေထဲမှာ ဦးစီးဦးဆောင်ပြုပြီး မားမားမတ်မတ် ရပ်တည်နိုင်စွမ်းရှိတာ ၊ ပင်ကိုယ်အရည်အသွေးကို ကောင်းသထက်ကောင်းအောင် မြှင့်တင်တာ ၊ လူမှုဆက်ဆံရေးဘောင်ကျယ်ပြီး ဘဝကို တိုးတက်သထက် တိုးတက်အောင် ကြိုးစားနေတာ စတဲ့အချက်တွေနဲ့ ထည့်တွက်ရမှာပါပဲ။ ခေတ်အဆက်ဆက် ယောင်္ကျားကောင်းတစ်ယောက်ရဲ့ Quality ကို ကြည့်လိုက်ရင် အခုပြောမယ့်အချက်တွေကို ပင်တိုင်ထား ပြောကြတာ ရှိပါတယ်။
တကယ်တော့ လူတွေအကြားမှာ ထင်ရှားတဲ့ Powerful Man တစ်ယောက်ဖြစ်ဖို့ဆို အခုပြောတဲ့ ယေဘုယျအချက်တွေလောက်နဲ့ တင်းတိမ်နေလို့ မရပါဘူး။ နံပါတ်တစ်အနေနဲ့ ယောင်္ကျားတစ်ယောက်ဟာ ကိုယ့်ရဲ့ အသားအရေနဲ့ ပတ်သက်လို့ စိတ်ထဲမှာ စနိုးစနောင့်မဖြစ်ဘဲ အေးအေးဆေးဆေး သက်တောင့်သက်သာပဲ ရှိသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားမှုရှိတဲ့ ယောင်္ကျားဆိုတာ အသားဖြူတာ ၊ ညိုတာကို ခေါင်းထဲ မထားတတ်သူ ၊ ကိုယ့်ကိုယ်ကိုယ် အစစ်မှန်ဆုံး နေထိုင်တတ်သူမျိုး သာ ဖြစ်ပါတယ်။
Photo: Unsplash
လူအများနဲ့ ပြောဆို ဆက်ဆံရာမှာ ရိုးဖြောင့်မှုရှိပြီး အပေါင်းအသင်းနဲ့ မိတ်ဆွေတွေပေါ် လေးနက်ခိုင်မြဲတဲ့ ဆက်ဆံရေးထားတတ်သူမျိုးဟာ Powerful Man တွေရဲ့ စရိုက်လက္ခဏာတစ်ခုပါပဲ။ ပေါင်းသင်းဆက်ဆံရေးမှာ တွေ့ကရာလူနဲ့ မပေါင်းဘဲ လေးစားလောက်တဲ့ High-Quality Friends တွေနဲ့ ပေါင်းတာမျိုးကလည်း လူတစ်ယောက်ကို စွမ်းအားကြီးတဲ့လူ ဖြစ်စေတဲ့ အချက်ထဲမှာ ပါပါတယ်။ အဆိုးမြင်တဲ့သူ ၊ ပျော့ညံ့တဲ့သူနဲ့ ကတိမတည်ဘဲ ကောက်ကျစ်လှည့်ဖျားတတ်တဲ့သူတွေဟာ Low-Quality စာရင်းဝင်သူတွေ ဖြစ်လို့ ဝေးဝေးက ရှောင်ကြဉ်ဖို့ လိုပါတယ်။
ဩဇာတိက္ကမရှိပြီး ရှေ့ကို တက်လှမ်းဖို့ အမြဲအာရုံစိုက်နေတဲ့ ယောင်္ကျားတစ်ယောက်ဟာ ကြုံလာတဲ့ အတားအဆီး ၊ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြောင့် တွန့်ဆုတ်မသွားဘဲ ကိုယ်ပိုင်အစီအစဉ်နဲ့ Plan ချပြီးပဲ ရှေ့ဆက်တတ်ပါတယ်။ သူတို့ဟာ အခက်အခဲနောက်ကွယ်မှာ ပုန်းနေတတ်တဲ့ အခွင့်အရေးကို အမြဲစူးစမ်းရှာဖွေနေသူမျိုး ဖြစ်လို့ စိန်ခေါ်မှုတွေကို ကြောက်မနေတတ်ကြပါဘူး။ အခက်အခဲတွေကို ကျော်လွှားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး လေးစားယုံကြည်လာကြရာကနေ အမြင့်ရောက်လာကြတာ ဖြစ်ပါတယ်။
ငွေကြေးနဲ့ ပတ်သက်ပြီး သူတို့ ခံယူချက်က ဖြောင့်ဖြောင့်မတ်မတ်ရှာ ၊ ကြိုးကြိုးစားစား လုပ် ၊ အပိုမဖြုန်းဘဲ စီမံစိစစ်သုံးဖို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ နေပါတယ်။ ပိုက်ဆံတွေ အများကြီး ရှိလာချိန်မှာလည်း ပိုက်ဆံကြောင့် မာန်မတက်ဘဲ ဒီပိုင်ဆိုင်မှုနဲ့ လူ့လောကကောင်းကျိုးအတွက် ပြန်ပြီး အသုံးချဖို့ စဉ်းစားကြပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ငွေရဲ့ အစေခံမဟုတ်တော့ဘဲ ငွေရဲ့သခင် ဖြစ်လာကြတာပါ။
Photo: Unsplash
အတွေးအခေါ်ပိုင်းမှာ ခံစားမှု Emotional ထက် အကျိုးသင့်အကြောင်းသင့် Logical ဘက်ကို ဦးစားပေးပြီး စဉ်းစားတွေးခေါ်တတ်ပါတယ်။ ပြဿနာတစ်ရပ်ရပ်နဲ့ ကြုံတဲ့အခါ ဒီပြဿနာကို သူ/ငါ ဘက်မပါဘဲ မှန်မှန်ကန်ကန် အကဲဖြတ်ချဉ်းကပ်ဖြေရှင်းနိုင်ဖို့ ကြိုးစားပါတယ်။ ကိုယ့်ကို ပျက်စီးစေမယ့် လောင်းကစား , အရက်နဲ့ မိန်းမ တွေနဲ့ ဝေးဝေးနေပြီး စာရိတ္တနဲ့ ကိုယ်ကျင့်တရားကို မြင့်သထက်မြင့် ၊ မြဲသထက်မြဲအောင် နေထိုင်ကျင့်ကြံကြပါတယ်။
ဘဝမှာ အရေးကြီးတဲ့အရာတွေဟာ ဘာတွေလဲဆိုတာ သိအောင် လုပ်ပါတယ်။ လူ့ဘဝကို ရောက်လာရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ သူထားခဲ့ရမယ့် အမွေအနှစ်ကိုလည်း အလေးအနက် သိအောင် ဖော်ထုတ်ပါတယ်။ ဒီလိုနည်းနဲ့ နေ့တိုင်းနေလို့ သူတို့ဟာ စွမ်းအားကြီးတဲ့ ယောင်္ကျားသားတွေ ဖြစ်လာကြတာပါ။ ဒါကြောင့် Powerful Man ဖြစ်ချင်သူတွေလည်း သူတို့လို ကြိုးစားဖို့ လိုမှာပါ။