“Nobody Is Perfect”စကားကို လူတိုင်း ကြားဖူးကြမှာပါ။ လူဆိုဟာ ပြီးပြည့်စုံအောင် တော်တဲ့လူရယ်လို့ မရှိပါဘူး။ ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ် အရင်ကထက် ပိုကောင်း/ပိုတော်အောင်ပဲ ကြိုးစားရပါတယ်။ အမြဲတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ခံယူချက်ထားပြီး အဲ့ဒီခံယူချက်အတိုင်း တစ်နေ့ချင်းကြိုးစားသွားသူဟာ အမြင့်ကို ရောက်မှာ သေချာပါတယ်။

ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားမယ်လို့ အဓိဌာန်ပြုထားတဲ့ အမျိုးကောင်းသားတွေအတွက် ဘဝကို တိုးတက်မြင့်မားစေမယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ ဒီနည်းလမ်းလေးတွေ ပုံမှန် လုပ်ဆောင်သွားခြင်းအားဖြင့် တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်ထက်မြက်တဲ့သူ ဖြစ်လာအောင် အထောက်အကူပြုပါလိမ့်မယ်။

(၁) စာဖတ်ပါ

Reading a book

Photo: Unsplash

စာအုပ်ကောင်းတစ်အုပ်ဟာ ဘဝအတွက် အင်မတန်ထူးခြားတဲ့လက်ဆောင်တစ်ခုပါ။ ဘဝတိုးတက်မြင့်မားစေမယ့် စာပေတွေ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတတွေ ပွင့်လင်းပြီး ဗဟုသုတကြွယ်ဝပြီး အတွေးအမြင်နဲ့ သတ္တိကောင်းသူ ဖြစ်လာနိုင်ပါတယ်။ သာမန်သူလို ကိုယ်လိုဘဝကနေ အမြင့်ကို ရောက်ချင်ရင် စာဖတ်ပါလို့ အရင်ဆုံး ပြောချင်ပါတယ်။

(၂) လူတွေရဲ့ အသံနားထောင်ပါ

man making meeting

Photo: Unsplash

စူးစမ်းပါ။ စပ်စုပါ။ လူတွေ ဘာလုပ်နေသလဲ။ ဘာတွေ ပြောနေသလဲ။ ဘယ်ရေစီးကို ဦးတည်နေသလဲ လေ့လာပါ။ ကိုယ့်ဘဝတိုးတက်ဖို့ လူတွေရဲ့ ဝေဖန်သံတွေကိုပါ နားထောင်တတ်ဖို့ လိုပါတယ်။ ဒီနေရာမှာ သူတကာပြောတိုင်း ကိုယ့်ဘဝကို တခြားလူရဲ့ပါးစပ်မှာ လမ်းမဆုံးသွားဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး တည်ဆောက်နေချိန်မှာ ကိုယ့်ရဲ့ လိုအပ်ချက် ၊ လစ်ဟာချက်နဲ့ချို့ယွင်းချက်တွေကို ပြန်မြင်နိုင်ဖို့အတွက်ပဲ သုံးပါ။ ဒါကြောင့် လူတွေဆီက Feedback တောင်းတတ်တဲ့အကျင့်ကို လုပ်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

(၃) ပညာရစေမယ့် Podcast တွေ နားထောင်ပါ

Educational Podcast

Photo: Unsplash

စာဖတ်ဖို့ အချိန်မရလို့ပဲ ဖြစ်ဖြစ် မျက်စိကျန်းမာရေးကြောင့် စာမဖတ်ချင်တဲ့အချိန်မှာ ဖြစ်ဖြစ် နားကြပ်လေးတပ်ပြီး Podcast လေးတွေ နားထောင်ကြည့်ဖို့ ပြောချင်ပါတယ်။ ဗဟုသုတပေးမယ့် Podcast တွေ နားထောင်တာက ရုပ်ရှင်ကြည့်ရတာထက် ပိုပြီး အကျိုးရှိပါတယ်။ ပညာရဖို့ နားထောင်သင့်တဲ့ Podcast တွေကတော့ TED Talks ၊ RadioLab ၊ StarTalk Radio ၊ The College Info Geek Podcast ၊ Entrepreneurial Thought Leaders ၊ Back To Work ၊ Founders Talk နဲ့ Rationally Speaking စတဲ့ Podcast တွေပါပဲ။

(၄) ရည်မှန်းချက်ထားပြီး အလုပ်လုပ်ပါ

man working with a laptop

Photo: Unsplash

ဘာပဲလုပ်လုပ် ရည်ရွယ်ချက်နဲ့လုပ်ပါ။ ပန်းတိုင်ထားပြီး အလုပ်လုပ်တာက ဘယ်လောက်ပဲ သေးတဲ့အလုပ်ဖြစ်ဖြစ် ခမ်းနားကြီးကျယ်ပြီး အဓိပ္ပါယ်ရှိပါတယ်။ နောက်ပြီး ရည်ရွယ်ချက်နဲ့ အလုပ်လုပ်တာ ဖြစ်လို့ လူကလည်း ထက်သန်တက်ကြွမှုရှိသလို ကိုယ့်ဘဝအတွက်လည်း အရေးပါတဲ့ အလုပ်တစ်ခုအဖြစ် ခံစားပြီး ကျေနပ်ဂုဏ်ယူနေမိမှာ ဖြစ်ပါတယ်။

(၅) အပြောင်းအလဲလုပ်ဖို့ တံခါးဖွင့်ထားပါ

Changing

Photo: Unsplash

တိုးတက်ချင်ရင် အပြောင်းအလဲကို မကြောက်ပါနဲ့။ အပြောင်းအလဲအတိုင်း လိုက်ပြီး တိုးတက်ပြောင်းလဲချင်တဲ့စိတ်မရှိရင် ရှေ့လျှောက်အောင်မြင်မှုရဖို့ ခက်ပါမယ်။ ဘဝကို အသေမတွက်ပါနဲ့။ အခု ရေစီးနေပေမယ့် သိပ်မကြာခင် ရေသာနိုင်ပါတယ်။ အခု နေသာနေပေမယ့် မကြာခင် မိုးရွာနိုင်ပါတယ်။ ဘယ်လိုပဲ ကြုံကြုံ ကြုံလာတဲ့ အပြောင်းအလဲနဲ့အတူ လိုက်ပါရှင်သန်နိုင်အောင်သာ ပြင်ဆင်ထားဖို့လည်း ပြောချင်ပါတယ်။