စိတ်စွမ်းအင်ဆိုတာဟာ ဘယ်လောက်အရေးပါလဲ၊ ဘယ်လိုနေရာတွေအတွက် လိုအပ်တာလဲ။ အားလုံးပဲ ခက်ခဲတဲ့နေ့တွေကို ကျော်ဖြတ်တဲ့အချိန်၊ ဘဝရဲ့ ကြမ်းတမ်းတဲ့ အပိုင်းအခြားတွေကို ဖြတ်သန်းရတဲ့အချိန်မှာ စိတ်စွမ်းအင်က မကြာခဏ အရေးပါလာပါတယ်။ အဲဒါဆို စိတ်စွမ်းအင်ကို တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းက ရှိလာပါပြီ။

စိတ်စွမ်းအင်ဆိုတာဟာ တင်ကူးသိမြင်ခြင်း၊ အကောင်းမြင်ခြင်းနဲ့ အရှည်ကို မျှော်တွေးနိုင်ခြင်းတို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ပြဿနာတွေဆိုတာက ယာယီအခိုက်အတံ့သာဖြစ်တယ်ဆိုတာကို နားလည်ထားရမှာဖြစ်ပြီး မှန်ကန်တဲ့ စိတ်သဘောထားကို ထိန်းသိမ်းထားနိုင်ဖို့က မရှိမဖြစ်အရေးပါတာကြောင့် သင့်ရဲ့စိတ်စွမ်းအင်ကို ထိန်းသိမ်းဖို့ ခက်နေတယ်ဆိုရင် စိတ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း ၅ မျိုး ရှိပါတယ်။

၁။ သင့်ရဲ့ပန်းတိုင်တွေဆီ ရောက်အောင် ပြင်ဆင်ပါ

Goal

Photo: Unsplash

ထီပေါက်ချင်တယ်လို့ ပြောပြီး ထီမထိုးဘူးဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး ဘဝမှာ ပန်းတိုင်တွေရှိကြပြီး အရေးအကြီးဆုံးအပိုင်းကတော့ စိတ်ဝင်စားမှု လျော့နည်းသွားတဲ့အခါမှာ ဒါမှမဟုတ် ကြိုးစားအားထုတ်မှုကို ရပ်တန့်လိုက်တဲ့အခါမှာ အဲဒီပန်းတိုင်တွေကို ရောက်ရှိဖို့ ဝေးကွာသွားတာဖြစ်ပါတယ်။ သင့်ရဲ့ တိုးတက်မှုတွေကို စောင့်ကြည့်နေခြင်းက အဆုံးကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲဆိုတာ သင့်ကိုယ်သင် သတိပေးနေရုံတင်မကဘဲ သင်ဘယ်လောက်အထိ ရောက်လာပြီလဲဆိုတာကိုလည်း သတိပေးနေတာဖြစ်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် လျှော့ချတာ ဒါမှမဟုတ် ၅ ကီလိုမီတာ ပြေးဖို့ ကြိုတင်ပြင်ဆင်တာမျိုးပါ။ အဲဒီအရာတွေကလည်း သင့်ကိုယ်သင် ပန်းတိုင်တစ်ခုထားပြီး အမြဲရောက်အောင် ကြိုးစားအားထုတ်နေစေတာကြောင့် စိတ်စွမ်းအင်ကို မြှင့်တင်နိုင်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

၂။ အောင်မြင်တဲ့လူတွေရဲ့ ကျော်ကြားတဲ့ဘဝအကြောင်း ဖတ်ရှုလေ့လာပါ

Books

Photo: Unsplash

သမိုင်းမှတ်တမ်းဆိုတာဟာ ကျွန်တော်တို့အတွက် အတုယူအားကျစရာတွေ၊ သင်ခန်းစာယူစရာတွေ ပေးနိုင်ပါတယ်။ သင်ကသာ စံပြပုဂ္ဂိုလ်သစ်တစ်ယောက် ဒါမှမဟုတ် အားတက်စေမယ့် စကားလုံးအနည်းငယ်ကို ရှာဖွေနေတာဆိုရင် သင်နေထိုင်ရာ ပတ်ဝန်းကျင်က စာကြည့်တိုက် သို့မဟုတ် စာအုပ်အရောင်းဆိုင်တွေက ကိုယ်ရေးအထ္ထုပ္ပတ္တိကဏ္ဍထက် ပိုပြီး ရှာဖွေစရာ လိုမှာမဟုတ်ပါဘူး။ သင် ဘယ်လိုအကြောင်းအရာကို စိတ်ဝင်စားလဲနဲ့ အောင်မြင်ချင်တဲ့အရာက ဘာလဲဆိုတာကို စဉ်းစားလိုက်ပါ။

ပြီးရင် သင်စိတ်ဝင်စားတဲ့ နယ်ပယ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ တစ်စုံတယောက်ကို ရှာဖွေလိုက်ပါ။ အဲဒါက သင့်ကို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်က စီးပွားရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထိုင်ပြောပြနေသလို ခံစားရမှာဖြစ်ပေမယ့် သူ့မှာရှိနေတဲ့ စိတ်စွမ်းအင်လိုမျိုး ရှိလာဖို့ သင့်အနေနဲ့ သင့် စိတ်စွမ်းအင်ကို တိုးတက်အောင် လုပ်ဖို့ အများကြီးကျန်နေသေးတယ်ဆိုတာကို သိထားပါ။

၃။ ရဲရဲရင့်ရင့်နဲ့ ဖိအားတွေ၊ အခက်အခဲတွေကို ဖြေရှင်းပါ

Never Stop

Photo: Unsplash

အိန်ဂျလာ လီး ဒက်ခ်ဝေါ့သ်ရဲ့ TED Talk မှာ ပြောကြားခဲ့တဲ့ ရဲရင့်ခြင်းရဲ့စွမ်းအားအကြောင်းက သင့်ကိုယ်သင် လှုံ့ဆော်နိုင်ဖို့အတွက် နည်းလမ်းရှာဖွေနေတာဆိုရင် အရမ်းကို အသုံးတည့်တဲ့ လမ်းညွှန်ချက်တွေဖြစ်ပါလိမ့်မယ်။ မစ္စ ဒက်ခ်ဝေါ့သ်ဟာ အငယ်တန်း အထက်တန်းကျောင်းသင်္ချာဆရာမဖြစ်ပြီး သူမ ရှာဖွေတွေ့ရှိခဲ့တာကတော့ စာသင်ခန်းထဲက ကျောင်းသားတွေရဲ့ အောင်မြင်မှုဟာ အိုင်ကျူနဲ့ မဆိုင်ဘူးဆိုတာဖြစ်ပါတယ်။ ရဲရင့်ခြင်းက ကျွန်တော်တို့ရဲ့ အားနည်းချက်တွေဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းနေရမှု၊ အောင်မြင်မှုအတွက် အလှမ်းကွာနေမှုကို ကျော်လွှားနိုင်ဖို့အတွက် စိတ်ပိုင်းဖြတ်မှုတစ်ခုဖြစ်ပြီး ကျောင်းသားတစ်ဦးမှာ ရှိနိုင်တဲ့ တစ်ခုတည်းသော အကောင်းဆုံး အရည်အသွေး ဖြစ်လာပါတယ်။

၄။ အမှားတွေကို မေ့ပစ်ပြီး သင်ခန်းစာယူစရာအဖြစ် အသုံးပြုပါ

Learn

Photo: Unsplash

အတိတ်က အမှားတွေကြောင့် စိတ်အားငယ်မှုနဲ့ ဆုံးဖြတ်နိုင်စွမ်းအပေါ် သံသယရှိမှုက အောင်မြင်မှု ရရှိဖို့အတွက် အဟန့်အတားအဖြစ်ဆုံးအရာတွေဖြစ်ပါတယ်။ လူအများစုဟာ ကျရှုံးမှုတွေအတွက် အရက်ဆိုင်မှာ အရက်နဲ့ မေ့ဖျောက်ပစ်ဖို့ ကြိုးပမ်းနေတဲ့ ရုပ်ရှင်ပြကွက်တွေထဲက ဇာတ်ကောင်ကို ရင်းရင်းနှီးနှီး ရှိကြပါတယ်။ အဲဒါဟာ အကျိုးမရှိတဲ့နည်းလမ်းတွေနဲ့ ကျရှုံးမှုကို ဖြေရှင်းတတ်တဲ့သူတစ်ယောက်ဆိုတာ ပြသဖို့အတွက် အကောင်းဆုံး ဥပမာဖြစ်ပြီး သင်လုပ်ထားတဲ့ အမှားတွေကို ပထမဆုံးခြေလှမ်းအဖြစ် မေ့ပစ်လိုက်ပါ။

ပြီးရင်တော့ အဲဒီအမှားတွေကို ဘဝပန်းတိုင်ဆီ အရောက်သွားဖို့ သင့်ကို အင်အားပေးနိုင်မယ့် လောင်စာအဖြစ် ပြောင်းလဲလိုက်ပါ။ ဘာကြောင့် သင် ကျရှုံးခဲ့တာလဲ။ သင် ဘာတွေ သင်ခန်းစာရခဲ့လဲ။ နောက်တစ်ခါ ပိုကောင်းအောင် ဘာလုပ်နိုင်လဲ။ ကျရှုံးမှုဆိုတာဟာ လမ်းဆုံးမဟုတ်ပါဘူး။ သင့်အနေနဲ့ ဒီထက် ပိုမိုရှည်လျားတဲ့လမ်းပေါ်မှာ လျှောက်လှမ်းဖို့ မဖြစ်မနေလိုအပ်တဲ့ ခြေလှမ်းသာ ဖြစ်ပါတယ်။

၅။ အရင်က အောင်မြင်မှုတွေကို စိတ်ထဲမှာ အမြဲ တွေးနေပါ

Success and Man

Photo: Unsplash

အောင်မြင်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် အတိတ်က အောင်မြင်မှုတွေကို ပြန်တွေးတော ဆင်ခြင်ရတာက သံသယတွေ ပွားနေတာထက် အများကြီး ပိုကောင်းပါတယ်။ ဒီလိုတွေးတာမျိုးက စွမ်းအားနဲ့ စိတ်ဆန္ဒပြင်းပြမှုကို ရရှိဖို့အတွက် တံခါးပေါက်ဖြစ်နိုင်ပြီး ပန်းတိုင်တစ်ခုကို အောင်မြင်အောင် လုပ်ရမယ့် မစ်ရှင်တစ်ခု သင် လုပ်စရာရှိတယ်ဆိုပါစို့။ သင့်အနေနဲ့ အရင်တုန်းက အောင်မြင်မှုတွေကို ပြန်လည်သတိရသွားတဲ့အချိန်မှာ လုပ်ရမှာက ပိုလွယ်ကူသွားစေပါတယ်။

သင့်ကိုယ်ပိုင်အောင်မြင်မှုတွေဆီကနေ အတုယူတာ၊ အားပြန်ယူတာမျိုးက ယုံကြည်ဖို့ခက်ပေမယ့် အဲဒါက သင့်ရဲ့အောင်မြင်မှုတွေအတိုင်း ထပ်တူပြန်လုပ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ မျှော်လင့်ချက်နဲ့ မျှော်လင့်ချက်အမှားကြားက ကွဲပြားခြားနားမှုဟာ ယုံကြည်ရတဲ့သက်သေအထောက်အထားသာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဘဝအစောပိုင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ အလားတူစိန်ခေါ်မှုမျိုးအတွက် အောင်မြင်မှုရရှိလာစေဖို့ အရင်တုန်းက အောင်မြင်ခဲ့တဲ့ နည်းလမ်းထက် ပိုကောင်းတဲ့ သက်သေအထောက်အထား မရှိတော့ပါဘူး။

Featured Photo: Lifehack