IQ လို့ခေါ်တဲ့ Intelligent Quotient ကောင်းသူ ဖြစ်အောင် လုပ်လို့ရသလားဆိုရင် သိပ္ပံနည်းကျ နည်းလမ်းတွေအရ ရတယ်လို့ ပြောနိုင်ပါတယ်။ သိပ္ပံအထောက်အထားတွေမှာဆို စနစ်ကျတဲ့ နည်းလမ်းတွေ သုံးရင် မှတ်ဉာဏ်ကောင်းပြီး ပြဿနာဖြေရှင်းနိုင်စွမ်း ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ဆိုပါတယ်။ လူတစ်ယောက် ပိုပြီးစမတ်ကျတဲ့ တော်တဲ့လူဖြစ်ဖို့ Mental Exercises လေးတွေ လုပ်ပြီး ဦးနှောက်စွမ်းရည်မြှင့်တင်နိုင်ပါတယ်။

ဉာဏ်ရည်မြင့်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် သိပ္ပံပညာရှင်တွေ ညွှန်းထားတဲ့နည်းလမ်းတွေ အများကြီးပါပဲ။ ဒီထဲကမှ လွယ်ကူရိုးရှင်းပြီး ဦးနှောက်စွမ်းရည် မြှင့်တင်ပေးနိုင်တဲ့ အလေ့အကျင့်လေးတချို့အကြောင်း မျှဝေပေးချင်ပါတယ်။

man exercising

Photo: Unsplash

ပထမဆုံးတစ်ချက်က Intelligence မြှင့်တင်ဖို့ တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ ကြာအောင် Cardio ကစားတာ ၊ သက်လုံလေ့ကျင့်ပေးတာမျိုး လုပ်ပေးသင့်တယ်လို့ဆိုပါတယ်။ ကာယလေ့ကျင့်ခန်းတွေဟာ သိမှတ်မှုလုပ်ဆောင်ချက်တွေ ပိုကောင်းစေဖို့အတွက် မရှိမဖြစ် အရေးကြီးလာပါတယ်။ ပုံမှန်အားကစားလုပ်ပေးခြင်းအားဖြင့် ဦးနှောက်လုပ်ဆောင်ချက် ပိုကောင်းပြီး မှတ်ဉာဏ်ပိုတိုးတက်လာသလို သိမှတ်မှုဖြစ်စဉ်ကို ပိုမြန်ဆန်စေမှာပါ။ သိပ္ပံပညာရှင်တွေကတော့ တစ်ပတ်ကို မပြင်းထန်တဲ့ လေ့ကျင့်ခန်းကနေ ပိုပြီး အားစိုက်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို မိနစ် ၁၅၀ (၂ နာရီခွဲ) လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။

 

နောက်တစ်ခုက နေဆာလှုံဖို့ပါတဲ့။ တစ်ရက်မှာ မနက်ခင်း နေရောင်ခြည်အောက် အနည်းဆုံး ၁၅ မိနစ် နေဆာလှုံတဲ့အကျင့် လုပ်ပေးခြင်းဟာ ဗိုက်တာမင် D3 ဓါတ်ကို ဖြ်ည့ပေးရာ ရောက်သလို သိမှတ်မှုစွမ်းရည်ဆိုင်ရာ ကျန်းမာရေးလည်း ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ သိပ္ပံသုတေသနတွေအရ ဗိုက်တာမင်ဒီ ချို့တဲ့ခြင်းဟာ သိမှတ်မှုဆိုင်ရာ ကျန်းမာရေးအားနည်းခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဉာဏ်ကောင်းအောင် မနက်စောစော နေဆာလှုံတဲ့အကျင့်လေး လုပ်ပေးသင့်ပါတယ်။

အိပ်ရေးပျက်ခြင်းကလည်း ဦးနှောက်ရဲ့ စွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ်လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်ပါတယ်။ တစ်ရက်ကို ၈ နာရီကနေ ၉ နာရီအထိ အိပ်စက်ပေးခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေပြီး အလုပ်လုပ်ဆောင်ရာမှာ ဆုံးဖြတ်မှုပိုင်း ပိုမိုမြန်ဆန်သွက်လက်မှုရှိစေမှာပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရေးဝအောင် အိပ်တာနဲ့ ဦးနှောက်စွမ်းရည် ထက်မြက်မှုကို အားပေးလို့ ညဘက်တွေ ကောင်းကောင်းအိပ်ပျော်အောင် ဂရုစိုက်ပေးသင့်ပါတယ်။

man in silent nature

Photo: Unsplash

တစ်ရက်ကို နာရီဝက်လောက် ပုံမှန် တရားထိုင်တတ်သူတွေလည်း ဉာဏ်ရည်ထက်မြက်ပြီး ဦးနှောက်စွမ်းရည် မြင့်မားကြတယ်လို့ ဆိုပါတယ်။ တရားထိုင်ခြင်းဟာ ဦးနှောက်ကို ရေရှည်ဖွံ့ဖြိုးကျန်းမာစေတဲ့ အလေ့အကျင့်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းစွမ်းဆောင်ရှင်တွေဟာ နေ့စဉ် တရားထိုင်တဲ့အကျင့် လုပ်တတ်ကြတယ်လို့ ဆိုပါတယ်။

ဦးနှောက်စွမ်းရည်ကောင်းပြီး ဉာဏ်ရည်မြင့်မားချင်ရင် ဂိမ်းအမျိုးမျိုး ကစားတာ ၊ ဂီတတူရိယာတွေ တီးခတ်နည်း သင်ယူတာမျိုးလည်း လုပ်ဖို့ သိပ္ပံပညာရှင်တွေက တိုက်တွန်းထားပါတယ်။ ဂီတဟာ လူကို ဖြေဖျော်မှုပေးနိုင်ရုံတင်မဟုတ်ဘဲ စိတ်ကို ငြိမ်းချမ်းပြီး စုစည်းမှုပိုအားကောင်းစေပါတယ်။ နောက်ထပ် နည်းလမ်းတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ Healthy Fats တွေ (ငါး ၊ သံလွင်ဆီ ၊ ထောပတ်သီး စသည်) စားတာ ၊ သကြားအစားလျှော့တာမျိုးလည်း လုပ်ပေးသင့်ပါတယ်။

Featured Photo: helpguide