လက်ရှိမှာတကမ္ဘာလုံးအတိုင်းအတာအရ Covid – 19 ခေါ် ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်နှုန်းအရမ်းကိုမြင့်တက်နေပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်ပိုးရှိသူ (၃) ဦးအထိရှိလာခဲ့ပါပြီ။ဒီလိုအချိန်မှာ ရောဂါကူးစက်မခံရဖို့ အထူးဂရုစိုက်နေသင့်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ချက်တွေလိုက်နာရန် အရမ်းကိုအရေးကြီးပါတယ်။
Covid – 19 ရောဂါပိုးကြိုတင်ကာကွယ်တဲ့နေရာမှာ အရေးကြီးဆုံးက လက်ကိုစနစ်တကျနဲ့ မကြာခဏဆေးကြောသန့်စင်ဖို့ဖြစ်ပါတယ်။ ဒီနေ့မှာတော့ WHO မှညွှန်ကြားထားတဲ့ စနစ်တကျလက်ဆေးနည်းအဆင့်ဆင့်ကို ပြောပြပေးချင်ပါတယ်။ အချိန်အားဖြင့် စက္ကန့် (၃၀) လောက်ပဲကြာတာဖြစ်တာကြောင့် စနစ်တကျလက်ဆေးပြီး Covid – 19 ကြိုတင်ကာကွယ်ဖို့ တိုက်တွန်းချင်ပါတယ်။
Source : precision research institute
အဆင့် (၁) အရင်ဆုံး ရေဘုံဘိုင်ကိုဖွင့်ပြီး ရေဖြင့်လက်ကိုစိုအောင် စွတ်ပေးပါ။
အဆင့် (၂) လက်ဆေးရန် လုံလောက်တဲ့ ဆပ်ပြာပမာဏကို လက်ထဲသို့ထည့်ပါ။
အဆင့် (၃) လက်ဖဝါးနှစ်ဖက်ကို သေချာစွာပွတ်တိုက်ဆေးကြောပါ။
အဆင့် (၄) ဘယ်ဘက်လက်ဖမိုးပေါ် ညာဘက်လက်ဖဝါးထပ်ပြီး လက်ချောင်းများကြားကို သေချာစွာပွတ်တိုက်ဆေးကြောပါ။ထို့နောက် လက်ကိုဘယ်ညာပြောင်းပြီး ထိုနည်းအတိုင်းဆေးကြောပါ။
Source : Elemental – Medium
အဆင့် (၅) လက်ဖဝါးအချင်းချင်းချိတ်ဆက်ပြီး လက်ဖဝါးနဲ့ လက်ချောင်းများကြားကို သေချာစွာပွတ်တိုက်ဆေးကြောပါ။
အဆင့် (၆) လက်ခေါက်ချိုးပြီး သေချာစွာပွတ်တိုက်ဆေးကြောပါ။
အဆင့် (၇) ဘယ်ဘက်ဘက်မကို ညာဘက်လက်သီးဆုပ်ထဲမှာထည့်ပြီး သေချာပွတ်တိုက်ဆေးကြောပါ။ ထို့နောက် ညာဘက်လက်မကိုလည်း ထိုနည်းအတိုင်းဆေးကြောပါ။
အဆင့် (၈) လက်ချောင်းထိပ်များကိုဆေးကြောရန် ဘယ်ဘက်လက်ဖဝါးအားဖြန့်ထားပြီး ညာဘက်လက်ချောင်းထိပ်လေးတွေနဲ့ စက်ဝိုင်းပုံစံ သေချာစွာပွတ်တိုက်ဆေးကြောပါ။ထို့နောက် ဘယ်ဘက်လက်ချောင်းထိပ်များကိုလည်း ထိုနည်းအတိုင်းဆေးကြောပေးပါ။
Source : Afrinewz Magazine
အဆင့် (၉) လက်ကိုရေဖြင့် ဆပ်ပြာများပြောင်စင်အောင် ဆေးကြောပါ။
အဆင့် (၁၀) ထို့နောက် တစ်ခါသုံး တစ်ရူးစက္ကူ သို့မဟုတ် တစ်ခါသုံးအဝတ်ဖြင့် ရေများစင်ကြယ်အောင် သုတ်ပေးပါ။
အဆင့် (၁၁) လက်သုတ်ထားတဲ့ တစ်ရူးစက္ကူ သို့မဟုတ် အဝတ်ဖြင့် ရေဘုံဘိုင်ကိုပိတ်ပေးပါ။
Source : Babylon Health
အထက်ပါအဆင့်များအတိုင်း လက်ကိုစနစ်ဆေးကြောသန့်စင်ခြင်းဖြင့် Covid – 19 ရောဂါပိုးကို ကြိုတင်ကာကွယ်လိုက်ကြပါစို့။