အရသာ ဆန်းသစ်တဲ့ အမိုက်စားကော့လ်တေး ဖျော်စပ်နည်းတွေ စိတ်ဝင်စားတဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ နာမည်ဆန်းသလို အရသာလည်း ချိုမြိန်ဆန်းသစ်တဲ့ Hanky Panky ကော့လ်တေး ဖျော်စပ်နည်းလေး ပြောပြပေးချင်ပါတယ်။ Hanky ​​Panky ကော့လ်တေးက Gin နဲ့ Fernet-Branca လို့ခေါ်တဲ့ ဆေးဖက်ဝင်အပင်တွေ ပေါင်းစပ်ပါဝင်တဲ့ Liqueur တစ်မျိုးနဲ့ အချိုးကျကျ ဖျော်စပ်ထားတာ ဖြစ်ပါတယ်။

Photo : A Couple Cooks

Hanky ​​Panky ကော့လ်တေးမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ၃ မျိုးတည်းပါပဲ။ Gin ၊ Fernet-Branca Liqueur ၊ Sweet Vermouth တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ Hanky ​​Panky ကော့လ်တေးကို Coley လို့ လူသိများတဲ့ ၁၉၂၀ ခုနှစ်ကာလတွေက နာမည်ပြီး အမျိုးသမီး Bartender, Ada Coleman က စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီကော့လ်တေးဟာ ၁၉၂၀ ဝန်းကျင်မှာ တော်တော်လေးကို လူကြိုက်များရေပန်းစားခဲ့တဲ့ ကော့လ်တေးဆိုလည်း မမှားပါဘူး။ လျှာဖျားပေါ်မှာ Gin နဲ့ Sweet Vermouth တို့ရဲ့ ချိုမြိန်တဲ့ စတင်မှုနဲ့ အဆုံးသတ်မှာ Fernet-Branca Liqueur ရဲ့ အနည်းငယ်ခါးသပ်တဲ့ အရသာတို့ စီးဝင်ပေါင်းစပ်သွားမှုက တကယ်ကိုပဲ ဟန်ချက်ညီပြီး ဆန်းသစ်တဲ့ ကော့လ်တေးအရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။

Photo : A Couple Cooks

ကဲဒါဆို ချိုမြိန်ဆန်းသစ်တဲ့ Hanky Panky ကော့လ်တေး တစ်ခွက် ကွီးတို့အိမ်မှာ အလွယ်တကူ ဖျော်စပ်မြည်းစမ်းနိုင်ဖို့ အလွယ်ကူအရိုးရှင်းဆုံး ဖျော်စပ်နည်းအဆင့်ဆင့်ကို ပြောပြပေးပါမယ်။ အရင်ဆုံး နှစ်သက်ရာ ကော့လ်တေးဖန်ခွက်ထဲမှာ Gin ၁ အောင်စခွဲ ၊ Sweet Vermouth ၁ အောင်စခွဲ နဲ့ Fernet-Branca ၃ စက်ခန့် ရောထည့် ပေးရပါမယ်။ ပြီးရင်တော့ ဖန်ခွက်ထဲကို ရေခဲ လက်တဆုပ်စာ ရောထည့်ပြီး အေးလာတဲ့အထိ ကောင်းစွာ မွှေပေးရပါမယ်။ ဖန်ခွက်နှုတ်ခမ်းဝမှာ လိမ္မော်ခွံလေး အလှဆင်ပြီးရင်တော့ ချိုမြိန်ဆန်းသစ်တဲ့ Hanky ​​Panky ကော့လ်တေးရဲ့ အရသာကို အထာကျကျ မြည်းစမ်းနိုင်ပြီပဲ ဖြစ်ပါတယ်။ 

Featured Photo : Imbibe Magazine