ကိစ္စတစ်ခုခုနဲ့ ကြုံတိုင်း အရင်ဆုံး အပြစ်ပြော စောဒဂတက်တတ်သူတွေနဲ့ ကြုံဖူးကြမှာပါ။ တစ်ခါတစ်လေမှာ အဲ့ဒီလို အပြစ်ရှာတတ်သူ ၊ ဝေဖန်စောဒဂတက်သူတွေကြောင့် ပိုကောင်းတဲ့ ရလဒ်တွေ ထွက်လာတယ်ဆိုတာ ငြင်းမရပါဘူး ။ ဒါပေမယ့်လည်း လူအများစုဟာ ဘေးထိုင်ဘုပြောတဲ့သူတွေကို မကြိုက်ကြပါဘူး။

ဒါလည်း သဘာဝကျပါတယ်။ ဒီလို လူတွေကြောင့် တစ်ခါတစ်ခါမှာ ရှေ့ဆက်သွားမယ့် ခရီးကို ဆက်မသွားချင်အောင် အားလျော့သွားရတတ်ပါတယ်။ နောက်တစ်ချက်က ကွန်ပလိန်းသိပ်တက်သူတွေဟာ အလုပ်သိပ်မလုပ်ကြလို့လည်း ဖြစ်ပါတယ်။ တစ်ခုခုဆို အပြစ်ပြောဖို့ပဲ ဝါသနာပါတဲ့ Complainer တွေကို ကြည့်ရင် အခုပြောမယ့် စရိုက်ကလေးတွေ ရှိတတ်ပါတယ်။

(၁) ထပ်တလဲလဲ စောဒဂတက်ဖို့ပဲ စဉ်းစားတယ်

Photo: Freepik

အပြုသဘောနဲ့ ကွန်ပလိန့်တက်မယ်ဆိုရင် ပြီးပြီးသားကိစ္စတစ်ခုကို မပြီးနိုင်အောင် တမေ့တမောကြီး စောဒဂတက်စရာမလိုပါဘူး။ အပြစ်ရှာတတ်သူကတော့ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပြလုပ်ပြ သူ့မျက်လုံးထဲမှာ အမြင်မတော်တာပဲ မြင်နေပြီး အဲ့ဒါကိုပဲ ထောက်ပြအပြစ်ရှာတတ်ကြသူတွေ ဖြစ်ပါတယ်။ အကောင်းမြင်မှု နည်းတဲ့ သဘောကိုလည်း သူတို့ဆီမှာ တွေ့ရတတ်ပါတယ်။

အပြစ်ပြောတတ်သူတွေဟာ သူတို့ရှေ့မှာ အောင်မြင်အောင် လုပ်ပြရင်လည်း “ခဏပါပဲကွာ။ ဘယ်လောက်ခံမှာ မှတ်လို့” ဆိုပြီး ပြောတတ်ကြပါတယ်။ တစ်နည်းအားဖြင့် လက်ရှိရလဒ်အပေါ် ကျေနပ်နိုင်မှု မရှိတဲ့ အမြင်ကိုပဲ ဆုပ်ကိုင်ထားသူတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Complainer တွေ ခေါင်းဆောင်ဖြစ်လာချိန်မှာ အောက်လက်ငယ်သားတွေ အတော်ပဲ စိတ်ညစ်ပြီး တိုးတက်ချင်စိတ် နည်းကုန်တတ်ပါတယ်။

(၂) အရာရာကို နှိုင်းယှဉ်တဲ့ အမြင်နဲ့ပဲ ကြည့်တယ်

Photo: Freepik

တစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်တဲ့ အမြင်နဲ့ နေထိုင်တာ အမြဲပဲ ပင်ပန်းရပါတယ်။ ဒါဟာ လက်ရှိအခြေအနေကို နှစ်သက်စရာအဖြစ် အကောင်းဘက်လှည့်ပြီး မမြင်နိုင်တဲ့သဘောလည်း ဖြစ်ပါတယ်။ နှိုင်းယှဉ်တဲ့ အမြင်ဆိုတာ အနိမ့် နဲ့ အမြင့်နှစ်မျိုးပဲ ရှိပါတယ်။ နိမ့်တဲ့သူနဲ့ ယှဉ်ချိန်မှာ နှိမ်ချင်တဲ့စိတ် ၊ မောက်မာတဲ့ စိတ်တွေ ပေါ်လာနိုင်ပြီး မြင့်တဲ့သူနဲ့ တွေ့ချိန်မှာ အောက်ကျတဲ့စိတ် ၊ မနာလိုဝန်တိုတဲ့ စိတ်တွေ ဖြစ်လာတတ်ပါတယ်။

ကိုယ့်ရဲ့ ပင်ကိုယ်လက္ခဏာကို ကိုယ်ပိုင်ပုံစံအဖြစ်ပဲ ဖွံ့ဖြိုးအောင် လုပ်သင့်ပါတယ်။ တစ်ခြားသူတွေနဲ့ ကိုယ့်အကြားမှာ မတူကွဲပြားတဲ့ အရည်အသွေးနဲ့ အမှတ်အသားတွေ ရှိတယ်ဆိုတာ နားလည်သင့်ပါတယ်။ အတုယူသင့်သူဆီက ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေကို အတုယူသင့်ပြီး ကိုယ့်ရဲ့ ပုံရိပ်နဲ့ စွမ်းရည်ကို မြင့်အောင် မြှင့်တာပဲ ဖြစ်သင့်ပါတယ်။

(၃) Complainer တွေဟာ သူတို့ခေါင်းထဲက အတွေးနဲ့ပဲ နေပါတယ်

Photo: Medium

ဒါဟာ တစ်နည်းအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင်အတွေးနဲ့ပဲ သူတို့ဆက်သွယ်တာ ဖြစ်ပါတယ်။ ပြင်ပက တစ်ခြားသူတွေရဲ့ အတွေးအမြင် ၊ သဘောထားနဲ့ မှတ်သားစရာ အတွေ့အကြုံတွေနဲ့ ကူးလူးမှု မရှိတဲ့ တစ်ဖက်ပိတ်ကမ္ဘာထဲ နေထိုင်တာ ဖြစ်ပါတယ်။ တစ်ခြားသူတွေရဲ့ စကားနဲ့ အတွေးတွေကို နားလည်အောင် မဆက်သွယ်တာကြောင့် သူတို့ဟာ တစ်ဘဝလုံး ကိုယ့်အတွေးက ပေးတဲ့ မက်ဆေ့နဲ့ပဲ အိုမင်းသွားကြတတ်ပါတယ်။