မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားက တနင်္လာနေ့ညမှာ ချယ်ဆီးအသင်းအိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ဂျ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဘတ်ရှူဝါရီကို ကန်ကျောက်ခဲ့တာမဟုတ်ဘဲ ကိုယ့်ကိုကိုယ် ကာကွယ်ခဲ့တာသာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား မက်ဂွိုင်းယားဟာ ပထမပိုင်းပွဲကစားချိန်အတွင်း ချယ်ဆီးတိုက်စစ်မှူး ဘတ်ရှူဝါရီနဲ့ တွန်းတိုက်မိခဲ့ပြီး မြက်ခင်းပြင်ပေါ်လဲကျခဲ့ပြီးနောက် ဘတ်ရှူဝါရီရှိရာကို ခြေထောက်ဆန့်တန်းခဲ့တာကြောင့် အရန်ခုံက ချယ်ဆီးအသင်းသားတွေက ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။
Photo: Metro
ကွင်းလယ်ဒိုင်က ယင်းဖြစ်စဉ်ကို VAR နဲ့ ကြည့်ရှုစစ်ဆေးခဲ့ပေမယ့်လည်း မက်ဂွိုင်းယားကို တစ်စုံတရာ အရေးယူခြင်းမရှိခဲ့တာဖြစ်ပြီး ဘောလုံးဝေဖန်သုံးသပ်သူ ရွိုင်ကိန်းနဲ့ ဂျေမီကာရေဂါတို့ ၂ ဦးစလုံးက မက်ဂွိုင်းယားအနေနဲ့ အနီကတ်ပြသခံသင့်တယ်လို့ ခံစားခဲ့ကြတာဖြစ်ပါတယ်။
ယခုရာသီအစောပိုင်းကာလမှာလည်း တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ မက်ဂွိုင်းယားနည်းတူ လုပ်ရပ်မျိုး ပြုလုပ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြသပြီး ထုတ်ပယ်ခံခဲ့ရတာ သာဓကရှိနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မက်ဂွိုင်းယားက ၎င်းရဲ့ဘက်မှာ အပြစ်ကျူးလွန်ခဲ့ခြင်းမရှိတာကြောင့် အနီကတ်နဲ့ ထိုက်တန်တဲ့ဖြစ်စဉ်မျိုးလို့ ခံစားနေရခြင်းမရှိဘဲ ယင်းကိစ္စမှာ ၎င်းရဲ့အပေါ်ကို ဘတ်ရှူဝါရီ လဲကျမှာစိုးရိမ်တဲ့အတွက် ကိုယ့်ကိုကိုယ် ကာကွယ်ခဲ့တာသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Photo: futballnews
“ကျွန်တော် သူ့ကို ခြေထောက်နဲ့ကန်မလိုဖြစ်ခဲ့တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော့်အပေါ် သူ လဲကျလိမ့်မယ်လို့ ခံစားခဲ့ရပြီး ကျွန်တော့်ရဲ့ အလိုအလျောက်တုံ့ပြန်မှုအနေနဲ့ ခြေထောက်ကို ဆန့်တန်းပြီး သူ ကျွန်တော့်အပေါ် လဲလာရင် သူ့ကို ထိန်းထားပေးဖို့ ကြိုးစားခဲ့တာပါ”
“ကျွန်တော့် ဖိနပ်က ဘားတွေရှိနေတော့ တကယ်ဖြစ်ခဲ့တာထက် တီဗွီမှာ ပိုပြီး ကြည့်ရဆိုးသွားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒါက ကန်ကျောက်ခဲ့တာမဟုတ်ဘဲ အဲဒီလို လုပ်ဖို့ ဒါမှမဟုတ် ဘာရည်ရွယ်ချက်မှကို မရှိခဲ့ပါဘူး”
“အဲဒါက ကျွန်တော့်ရဲ့ ပင်ကိုတုံ့ပြန်မှုအရ ခြေထောက်ကို ဆန့်ထုတ်ခဲ့ရုံပဲဖြစ်ပြီး တကယ်လို့ သူသာ ကျွန်တော့်အပေါ် လဲကျလာရင် သူ့ကို ထိန်းထားလိုက်ရုံပဲလေ။ ကျွန်တော် သူ့ကို ခြေထောက်နဲ့ရွယ်ထားသလို ဖြစ်ခဲ့တယ်ဆိုတာ သိခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ အဲဒါက မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ကျွန်တော် ထင်ပါတယ်”လို့ Sky Sports ကို ပြောကြားသွားခဲ့ပါတယ်။