အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး အသင်းကို သတိပေးပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Luis Suarez

Photo: thegoaspotlight

မန်ချက်စတာယူနိုက်တက်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ ဖေဖော်ဝါရီနဲ့ မတ်လတို့မှာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့နဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဥရုဂွေးတိုက်စစ်မှူးက မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိဖို့အတွက် ဥရောပက အကောင်းဆုံးအသင်းတွေကို အနိုင်ယူရမယ်လို့ ဆွာရက်ဇ်က သတိပေးပြောကြားခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းနဲ့ပတ်သက်ပြီးလည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

Cristiano Ronaldo

Photo: GOAL

“သူက ဘယ်လိုကစားသမားမျိုးလဲဆိုတာကို ဆက်ပြီးတော့ ပြသနေပါတယ်။ ယူနိုက်တက်မှာ သူက အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုထက် ပိုတဲ့ ကစားသမားဖြစ်ပြီး ခင်ဗျား ဒီလို ကစားသမားမျိုးနဲ့ ကစားတဲ့အခါမှာ အမြဲတမ်း သတိထားနေမှ ရပါမယ်”

“ချန်ပီယံလိဂ်ဖလားကို ရဖို့အတွက်ဆိုရင် ခင်ဗျား အကောင်းဆုံးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဥရောပမှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်နေတာကြောင့်ပဲ ယူနိုက်တက်က ၁၆ သင်းရှုံးထွက်အဆင့်မှာ ရှိနေတာပါ။ ခင်ဗျား အားလုံးကို အနိုင်ယူဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Cristiano Ronaldo and Luis Suarez

Photo: AS

လူးဝစ္စ ဆွာရက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို အခုမှ ရင်ဆိုင်ဖူးတာတော့မဟုတ်ဘဲ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ၄ နှစ်အတွင်း အကြိမ်ပေါင်းများစွာ ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုနဲ့လည်း ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ ၆ နှစ်တာကာလအတွင်း ရင်ဆိုင်ခဲ့ရပြီး ပေါ်တူဂီကြယ်ပွင့်က ဘာတွေ လုပ်ဆောင်နိုင်တယ်ဆိုတာကို ကောင်းကောင်းသိရှိနေတာဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ယခုရာသီမှာ အက်သလက်တီကို မက်ဒရစ်အသင်းအတွက် ၈ ဂိုးသွင်းယူပေးထားပြီး ချန်ပီယံလိဂ်မှာ ၁ ဂိုးသာ သွင်းယူထားနိုင်သေးပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅ ပွဲကစားထားရာမှာ ၆ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။

Featured Photo: Sportskeeda