ရီးရဲကစားသမား ဟာဇက်ဟာ လီဗန်တေးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာပါ။ အသင်းတာဝန်ရှိသူတွေကတော့ ဟာဇက်ဟာ ခြေချင်းဝတ်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

အဆိုပါ ဘယ်ဂျီယံ ကစားသမားဟာ လာမဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကိုပါ လွဲချော်ဖွယ်ရှိနေပါတယ်။ အသက် ၂၉ နှစ်အရွယ် ဟာဇက်ဟာ ခြေထောက်ဒဏ်ရာကြောင့် လီဗန်တေးနဲ့ ပွဲမတိုင်ခင် (၃) ပွဲအထိ အသင်းအတွက် ကစားပေးနိူင်ခြင်းမရှိခဲ့ပါဘူး။

Source: Mirror

လီဗန်တေးနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့်လည်း ပွဲကစားချိန် (၆၇) မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။

ရီးရဲနည်းပြဖြစ်သူ ဇီဒန်းကတော့ ဟာဇက်ဟာ အရင်ဒဏ်ရာဟောင်းကို ထိခိုက်မိတာကြောင့် ဆိုးဝါးဖွယ်ရှိတယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါသေးတယ်။

Source: From Managing Madrid

ချဲလ်ဆီးကနေရီးရဲအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဟာဇက်ဟာ အသင်းအတွက် (၁၀) ပွဲသာကစားပေးထားရပါသေးတယ်။ အသင်းကိုရောက်လာပြီးကတည်းက ဒဏ်ရာပြသာနာတွေနဲ့သာ ရုန်းကန်နေရတာကြောင့် ခြေစွမ်းမပြနိူင် ဖြစ်နေတာပါ။

အခုဒဏ်ရာ ထပ်ပြီးရရှိသွားတာကြောင့် အသင်းရဲ့အဓိကပွဲစဉ်တွေဖြစ်တဲ့ မန်စီးတီး (ချန်ပီယံလိဂ်ပွဲစဉ်)၊ ဘာစီလိုနာ (လာလီဂါပွဲစဉ်) အသင်းတို့နဲ့ ကစားရမယ့် ပွဲစဉ်တွေအကုန် လွဲချော်တော့မှာဖြစ်ပါတယ်။

Source: FOX Sports Asia

ရီးရဲမက်ဒရစ်အသင်းဟာ လီဗန်တေး အသင်းကိုရှုံးနှိမ့်ခဲ့တာကြောင့် အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ (၂) မှတ်ကွာ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ အဓိကကစားသမားဒဏ်ရာရရှိသွားတာကြောင့် လာလီဂါ ဖလားရယူဖို့ ကြိုးစားနေတဲ့ ရီးရဲမက်ဒရစ်အသင်းအတွက်ကတော့ ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။