သုတေသနပညာရှင်တွေဟာ ဘောလုံးကို ခေါင်းနဲ့ တိုက်ခြင်းက ဘယ်လောက် ကြောက်စရာကောင်းသလဲဆိုတဲ့ အချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ယူကေမှ သုတေသီတွေရဲ့ တွေ့ရှိမှုအရ အကြိမ် ၂၀ ပဲ ဘောလုံးကို ခေါင်းတိုက်ရုံနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေ ထိခိုက်ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။
ဘောလုံးကို ခေါင်းနဲ့ တိုက်ပြီး အကြိမ် ၂၀ ကစားမှု လုပ်စေပြီးနောက် မှတ်ဉာဏ်နဲ့ စိတ်စွမ်းရည်ပိုင်းဆိုင်ရာ သိမှုပိုင်း လုပ်ဆောင်ချက်တွေကို ခွဲခြမ်းလေ့လာခဲ့တာ ဖြစ်ပါတယ်။ တွေ့ရှိမှုအရ ခေါင်းတိုက်ဂိုးသွင်းမှုလုပ်သူတွေဟာ သတင်းအချက်အလက်သစ် မှတ်မိရယူနိုင်စွမ်း ၂၀% အထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

Photo: Washington Post
လေ့လာမှုမှာ ပါဝင်ပြီး ဘောလုံးကို ခေါင်းနဲ့ တိုက်မှု လုပ်ခဲ့သူတွေရဲ့ အများစု ဖြစ်တဲ့ ၈၀% မှာ ဦးနှောက်ယာယီထိခိုက်သွားတဲ့ လက္ခဏာတွေ ပြလာတယ်လို့ ဆိုပါတယ်။ ၁၉၆၆ ခုနှစ်က ကမ္ဘာ့ဖလားမှာ ဟီးရိုးဖြစ်ခဲ့သူ ဘောလုံးသမား နော့ဘီစတိုင်းလက်စ် အဆင့်မြင့် အတိတ်မေ့ရောဂါနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ကွယ်လွန်ပြီးနောက် မှတ်ဉာဏ်ပျောက်ဆုံးခြင်းနဲ့ ဘောလုံးကစားခြင်းအကြား ဆက်စပ်မှု ရှိနိုင်မလားဆိုပြီး စမ်းသပ်လေ့လာမှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
စတိုင်းလက်စ်ရဲ့ အင်္ဂလန်အသင်းကစားဖက် ဆာဘော်ဘီချာလ်တန်လည်း အလားတူ မှတ်ဉာဏ်ထိခိုက်မှုဝေဒနာ ခံစားလာနေတာ ဖြစ်ပါတယ်။ ဂန္ဓဝင်ဘောလုံးသမားဟောင်းကြီး ဆာဂီအော့ဖ်ဟာ့ဆ်ကလည်း ဒီတစ်ပတ်ထဲမှာပဲ အင်္ဂလန်မှ ကလေးငယ်များ ဘောလုံးကို ခေါင်းနဲ့ တိုက်ကစားခြင်းကို လုံးဝပိတ်ပင်ဖို့အဆိုဟာ လက်ခံနိုင်ဖွယ်ရှိတဲ့ အကြံပြုချက်ဖြစ်တယ်လို့ ထောက်ခံထားပါတယ်။

Photo : Sky Sports
လောလောဆယ် အင်္ဂလန် ၊ စကော့တလန် နဲ့ မြောက်အိုင်ယာလန်တို့မှာရှိတဲ့ အသက် ၁၂ နှစ်အောက် ကလေးများ ဘောလုံးလေ့ကျင့်ချိန်မှာ ခေါင်းတိုက်ဘောတွေ လုံးဝပိတ်ပင်ထားပြီး အသက် ၁၈ နှစ်အောက် လူငယ်တွေအနေနဲ့ လေ့ကျင့်စဉ်အတွင်း ခေါင်းတိုက်ဘောတွေကို အကန့်အသတ်နဲ့ပဲ ခွင့်ပြုထားပါတယ်။
