ဘီယာဟာ အရက်မဟုတ်ပါဘူး လို့ ပြောနိုင်တဲ့ အမျိုးအစားက NA Beer လို့ ခေါ်တဲ့ အယ်လ်ကိုဟောလ်မဲ့ ဘီယာဖြစ်ပါတယ်။ အယ်လ်ကိုဟောဓါတ် လုံးဝမပါဘူးလားဆိုတော့ မဟုတ်ပါဘူး။ မဆိုစလောက် ပါတယ်ဆိုရုံလေးတော့ ပါပါတယ်။ ပုံမှန် ဘီယာတွေမှာ အယ်လ်ကိုဟော ပါဝင်မှု ပျမ်းမျှ ၅ % မှာ NA ဘီယာတွေက ၀.၅% လောက်ပဲ ပါပါတယ်။ အယ်လ်ကိုဟောလ်ပါဝင်မှု ပျမ်းမျှ ၁၀ ဆ ၁ ဆ လောက် နည်းတာဖြစ်ပါတယ်။
ဝိုင်နဲ့ ဘီယာဟာ နည်းနည်းပါးပါးလောက် သောက်ရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူအတော်များများ သိကြပါတယ်။ NA ဘီယာလို့ ခေါ်တဲ့ Non-Alcoholic Beer တွေကလည်း ကျန်းမာရေးအတွက် အကျိုးများတယ်လို့ ဆိုပါတယ်။
(၁) အားကစားလုပ်ပြီး ပြန်လည်နလန်ထမှုကို အားပေးတယ်
Photo: Freepik
တကယ်လို့ သင်က Strength Training ကစားတဲ့သူ ဒါမှမဟုတ် ကာယအားကစား Physical Sports သမားတစ်ယောက်ဆိုရင် အားကစားလုပ်ပြီးနောက် ကြွက်သားတွေ နာကျင်မှုဒဏ်ကို ခံစားဖူးမှာပါ။ ဒါကို Post-Workout Injury လို့ ခေါ်ပါတယ်။ ဘီယာအေးအေးတစ်ခွက်ဟာ Post Workout Injury ဖြစ်တာကို သက်သာစေပါတယ်။ အကြောင်းက NA ဘီယာမှာ ပါတဲ့ ဆိုဒီယမ်ဟာ အားကစားလုပ်ပြီးနောက် ကိုယ်တွင်းကြွက်သားပြန်လည်တည်ဆောက်မှုကို ကူညီပေးလို့ ဖြစ်ပါတယ်။ နောက်ပြီး ဘီယာထဲမှာ ပါတဲ့ အရည်နဲ့ ကာဗွန်ဟိုက်ဒရိတ်တွေဟာ အားကစားခပ်ပြင်းပြင်း လုပ်ပြီးနောက် နုံးတာ ပင်ပန်းတာကို သက်သာလျော့ပါးစေပါတယ်။
(၂) ခန္ဓာကိုယ်ကို ရေဓါတ်ဖြည့်ပေးတယ်
Photo: Freepik
အားကစားလုပ်ပြီး ဒဏ်သက်သာအောင် ကူညီရာမှာ အယ်လ်ကိုဟောပါတဲ့ ဘီယာတွေကလည်း ကောင်းပါတယ်။ ပြဿနာက ရေဓါတ်အားဖြည့်မှု နည်းစေတာပါပဲ။ ရိုးရိုးဘီယာသောက်ချိန်မှာ ဆီးသွားမှု မြင့်ပြီး ရေဓါတ်ခမ်းခြောက်စေပါတယ်။
အယ်လ်ကိုဟောပါဝင်မှုနည်းတဲ့ ဘီယာသောက်လေလေ ရေဓါတ်ခမ်းခြောက်မှု အဖြစ်နည်းလေလေပါပဲ။ လေ့လာမှုတွေအရ အယ်လ်ကိုဟော ၂ % နဲ့ သူ့ထက်နည်းတဲ့ ပမာဏပါတဲ့ ဘီယာတွေက ဆီးအသွားမများစေတာကြောင့် ရေဓါတ်ထိန်းပေးထားနိုင်ပါတယ်။ ကိုယ်တွင်းထဲမှာ ရှိတဲ့ အရည်ဟန်ချက်ကိုလည်း ထိန်းပေးနိုင်ပြီး ရေဓါတ်ဖြည့်တင်းခြင်း ဖြစ်စဉ်ကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။
(၃) နှလုံးသွေးကြော ကျန်းမာရေးအားကောင်းစေတယ်
Photo: Freepik
NA ဘီယာတွေမှာ နှလုံးသွေးကြောကျန်းမာရေးအတွက်ကောင်းတဲ့ ပိုလီဖီနိုးစ် ဒြပ်ပေါင်းပါရှိတာကြောင့် သွေးဖိအား နဲ့ ရောင်ရမ်းမှု သက်သာစေပြီး သွေးကြောထုံးစေတဲ့ Homocysteine Level မြင့်တက်မှုကိုပါ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အသက် ၅၅ နှစ်ကနေ ၇၅ နှစ်အတွင်း NA Beer သောက်တတ်တဲ့ သက်ကြီးပိုင်းတွေကို လေ့လာရာကနေ ထုတ်ပြန်ခဲ့တဲ့ သုတေသနရလဒ်ဖြစ်ပါတယ်။
(၄) အရိုးပွခြင်းကို အဖြစ်နည်းစေပါတယ်
Photo: Freepik
အယ်လ်ကိုဟောမပါတဲ့ ဘီယာထဲက ဆီလီကွန်ဟာ အရိုးသိပ်သည်းဆကို ပိုမြင့်စေပြီး အရိုပွ ၊ အရိုးဆတ်လွယ်တဲ့ အဖြစ်ကို လျှော့ချပေးနိုင်ပါတယ်။ မော့တ်ဘာလီ များများပါတဲ့ Non-Alcoholic Beer က အရိုးကျန်းမာရေးအားပေးတဲ့နေရာမှာ အကောင်းဆုံးပါပဲ။ NA Beer ဟာ ကြေးနီဓါတ်ချို့တဲ့မှု Copper Deficiency မဖြစ်အောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ ကြေးနီဓါတ် ချို့တဲ့သူဟာ အဆစ်အမြစ်နာတာ ၊ Anemia လို့ ခေါ်တဲ့ ကိုယ်တွင်းတစ်သျှူးတွေဆီ အောက်ဆီဂျင်ပြည့်ပြည့်ဝဝ သယ်ပေးဖို့ ကျန်းမာတဲ့ သွေးနီဆဲ မလုံလောက်တဲ့ အခြေအနေနဲ့ အရိုးအားနည်းတာတွေ ဖြစ်တတ်ပါတယ်။
(၅) အိပ်လို့ပိုကောင်းစေတယ်
Photo: Freepik
အယ်လ်ကိုဟောဓါတ်မြင့်တာတွေ စားသောက်ထားရင် ညဘက်အိပ်ရခက်တာတွေ ဖြစ်တတ်ပေမယ့် NA Beer ကို ညနေဘက် နှစ်ပတ်လောက် သောက်ပေးချိန်မှာ အိပ်ရေး ပိုကောင်းလာတာ တွေ့ရတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ အလုပ်ဖိအားများတဲ့ သူနာပြုတွေနဲ့ လေ့လာမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်ကိုဟောမပါတဲ့ ဘီယာကို ညနေဘက် သောက်ပေးခြင်းအားဖြင့် ညညဘက်တွေမှာ မြန်မြန်အိပ်ပျော်သလို အိပ်ရေးမဝတာမျိုးလည်း အဖြစ်နည်းပါတယ်။အိပ်ရေးဝတာနဲ့ တစ်ဆက်တည်း ရလာနိုင်တဲ့ ကျန်းမာရေးအကျိုးက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ခြင်းတွေ လျော့ပါးစေတာ ဖြစ်ပါတယ်။