ကျန်းမာတဲ့ လူနေမှုပုံစံအကြောင်း ပြောတိုင်း ကျန်းမာတဲ့ စားသောက်မှုက မပါမဖြစ်ပါ။ ကျန်းမာတဲ့ အစားအသောက်ထဲမှာ ငါးစားသုံးမှုကိုလည်း ထည့်ပြောရမှာပါ။ ငါးဟာ ချက်/ပြုတ်/ကြော်/ကင်/ပေါင်း အမျိုးမျိုး လုပ်စားလို့ ရတဲ့ ဟင်းလျာတစ်မျိုး ဖြစ်ပြီး တစ်ခြား အမဲသား ၊ ဝက်သားတို့လို တိရစ္ဆာန်အသားထက် အဆီနည်းတဲ့ Lean Meat အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

Photo: Unsplash
ကျွန်တော်တို့ ကိုယ်ခန္ဓာက သဘာဝအတိုင်း ထုတ်လုပ်မပေးနိုင်တဲ့ အိုမီဂါဖက်တီးသရီးအက်ဆစ်လို အရေးပါတဲ့ အာဟာရဓါတ်တွေ ပေးပါတယ်။ ငါးတွေမှာ လူအတွက် အရေးကြီးတဲ့ အာဟာရဓါတ်အမျိုးမျိုး ပါရှိပါတယ်။ ငါးစားသုံးပေးခြင်းအားဖြင့် နှလုံးရောဂါနဲ့ သွေးတိုး လေဖြတ်နှုန်း ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။
ငါးဟာ စိတ်ဖိစီးမှုနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ကိုင်းမှု သက်သာစေပါတယ်။ အဆီများတဲ့ ငါးတွေဟာ ဗိုက်တာမင်ဒီ Level ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဗိုက်တာမင်ဒီဟာ အရိုးတွေ ကျန်းမာကြံ့ခိုင်စေအောင် ကူညီပေးနိုင်တဲ့ ဓါတ်တစ်မျိုး ဖြစ်ပါတယ်။ အသက်ကြီးလာလို့ မျက်စိအမြင်အာရုံ မှုန်ဝါးမှု မဖြစ်အောင်လည်း ငါးစားပေးသင့်ပါတယ်။

Photo: Unsplash
နောက်တစ်ချက်က ငါးစားသုံးမှုဟာ ဦးနှောက်ကျန်းမာရေး အားပေးတယ်ဆိုတာပါပဲ။ ဒါကြောင့်ပဲ ကလေးငယ်တွေကို ငါးနုပ်ငါးသေးလေးတွေ စားပေးဖို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။ ငါးဟာ ကလေးတွေမှာဖြစ်တတ်တဲ့ ပန်းနာရင်ကြပ်အတွက်လည်း ကာကွယ်ဖို့ ဓါတ်စာလို စားသုံးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ ငါးဟင်းလျာ စားသုံးပေးခြင်းဟာ ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်တဲ့ Autoimmune ရောဂါမျိုးတွေ အဖြစ်နည်းစေပါတယ်။ ညဘက် အိပ်ပျော်ရခက်သူတို့အတွက် ငါး စားသုံးပေးဖို့လည်း ဆရာဝန်တွေက အကြံပြုကြပါတယ်။
