ထန်းရည်ဟာ အပူပိုင်းဒေသထွက် သဘာဝအဖျော်ယမကာတစ်မျိုးအဖြစ် လူသိများကြပါတယ်။ များသောအားဖြင့် အနောက်ပိုင်းနှင့် အာဖရိကအလယ်ပိုင်းဒေသဖြစ်တဲ့ နိုင်ဂျီးရီးယား၊ ကာရေဘီယံ ၊ အာရှ နှင့် တောင်အမေရိကတိုက် တချို့နေရာတွေမှာလည်း ထန်းရည်ကိုတွေ့ရလေ့ရှိပါတယ်။ ချိုမြိန်စူးရှပြီး လတ်ဆတ်တဲ့အရသာရှိတဲ့အတွက် လူကြိုက်များတဲ့သဘာဝ ယမကာတစ်မျိုးလို့ပြောရင်မမှားနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စာဖတ်သူတွေနဲ့ သိပ်ပြီးမစိမ်းတဲ့ သဘာဝထန်းရည်ကပေးတဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။
(၁) အမြင်အာရုံကိုကောင်းမွန်စေတယ်
Photo : Atlas Obscura
ထန်းရည်တွင် ဗီတာမင် C နှင့် B ကဲ့သို့ မျက်စိအမြင်အာရုံကိုတိုးတက်စေတဲ့ ဗီတာမင်ဓာတ်များ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ ခန္ဓာကိုယ်တွင်း တွယ်ဆက်တစ်သျှူးများတည်ဆောက်ရာမှာ ကူညီပေးပြီး မျက်စိသွေးကြောများနှင့်ဆက်စပ်နေတဲ့ အတွင်းတိမ် ၊ အမြင်အာရုံကြွက်သားများ ယို့ယွင့်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ထို့အတူ ဗီတာမင် B1 နှင့် B12 ဟာလည်း မျက်ကြည်လွှာနှင့်ဆိုင်တဲ့နာတာရှည် ရောင်ရမ်းမှုများကိုလျော့ကျစေပြီး အမြင်အာရုံကိုကောင်းမွန်စေမှာဖြစ်ပါတယ်။
(၂) ဆံပင်နှင့်အသားအရေကိုကောင်းမွန်စေတယ်
Photo : Daily Advent Nigeria
ထန်းရည်မှာ ထင်ထားတာထက်ကိုပိုတဲ့ ဗီတာမင် ဇင့် မဂ္ဂနီဆီယမ်နှင့် အခြားအာဟာရဓာတ်များစွာပါ၀င်ပြီး ၎င်းအာဟာရဓာတ်တွေဟာ လက်သည်း ဆံပင်နှင့် အသားအရေး ကောင်းမွန်ခြင်းတို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ထန်းရည်ဟာ ခန္ဓာကိုယ်ရှိဆဲလ်သေများကို ဖယ်ရှားပြီးဆဲလ်အသစ်များအစားထိုးခြင်းဖြင့် အသားအရေ နူးညံ့ချောမွေ့လာစေဖို့ ကူညီပေးပါတယ်။
(၃) အရေပြားယားယံခြင်းကို ကုသရန်သုံးနိုင်တယ်
Photo : Flickr
အထူးသဖြင့် ကလေးငယ်များတွင်ဖြစ်တက်တဲ့ အရေပြားနီမြန်းခြင်း၊ နှင်းခူ စသဖြင့်အရေပြား ဆိုင်ရာပြဿနာကိုကုသရန်အတွက် ထန်းရည်ကိုအသုံးပြုနိုင်ပါတယ်။ ထန်းရည်အနည်းငယ်ကို အရေပြားပေါ်ပွတ်လိမ်းပေးခြင်းဖြင့် အရေပြားရောင်ရမ်းနာကျင်ခြင်းကို လျော့ကျသက်သာစေမှာဖြစ်ပါတယ်။
(၄) နို့တိုက်မိခင်များအတွက် နို့ရည်ထွက်နှုန်းတိုးစေတယ်
Photo : Live Less Ordinary
ကျေးလက်ဒေသအများစုမှာ နို့တိုက်မိခင်တွေအနေနဲ့ နို့ရည်ထွက်နှုန်းကောင်းမွန်စေဖို့အတွက် ထန်းရည်ကိုသောက်လေ့ရှိကြပါတယ်။ ထန်းရည်ကို ရောဂါအများစုနှင့် ကျန်းမာရေးအခြေအနေ အမျိုးမျိုးကိုကုသရန် သဘာဝဆေးအဖြစ် ရှေးဘိုးဘေးဘီဘင်တွေလက်ထပ်ကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အာဖရိကနိုင်ငံများဖြစ်တဲ့ နိုင်ဂျီးရီးယား၊ ကင်မရွန်းစသည့် နိုင်ငံတွေမှာ ထန်းရည်ဟာ နို့တိုက်မိခင်များအတွက်အဓိက သောက်သုံးစရာအဖျော်ယမကာအဖြစ်နာမည်ကြီးပါတယ်။
(၅) နှလုံးကိုကျန်းမာစေတယ်
Photo : Biancovino
ထန်းရည်မှာ ပိုတက်စီယမ်ပါဝင်တဲ့အတွက် နှလုံးနှင့်ဆက်စပ်သော နှလုံးသွေးကြောဆိုင်ရာရောဂါများကို တိုက်ဖျက်ရာတွင်အထောက်အကူဖြစ်စေပါတယ်။ ၎င်းဟာအာရုံကြောများနှင့် ကြွက်သားများကို ကောင်းစွာအလုပ်လုပ်စေရန်ကူညီပေးပြီးနှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေရန်နှင့် သွေးပေါင်ချိန်ကိုလျှော့ချခြင်းတို့အတွက် ကူညီပေးပါတယ်။ ဒါ့အပြင် ထန်းရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါ၀င်ပြီး free radicals များကို ခန္ဓာကိုယ်တွင်းဆဲလ်များ ပျက်စီးခြင်းမှကာကွယ်ပေးကာ ကင်ဆာရောဂါကိုလည်း တိုက်ဖျက်ပေးပါတယ်။
Featured Photo : VICE