ညဘက် အိပ်ရာစောစောဝင်ပါဆိုတဲ့ သတိပေးစကားမျိုး မကြာမဏ ကြားဖူးကြပါလိမ့်မယ်။ စောစောအိပ်ရာဝင်တာက ဘာတွေကောင်းလဲ ဘယ်လိုအကျိုးကျေးဇူးတွေရှိလို့လဲဆိုတာ သေချာ ကွဲကွဲပြားပြားမသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ လူသိနည်းတဲ့ အိပ်ရာစောစောဝင်ခြင်းရဲ့ ကျန်းမားရေးအကျိုးကျေးဇူးတွေကို ပြောပြပေးမှာဖြစ်ပါတယ်။
(၁) စွမ်းအင်ပြည့်ဝစေတယ်

Photo : The Paleo Mom
စောစောအိပ်ရာဝင်ခြင်းက အိပ်ရေးဝစေပြီး မနက်ခင်းနိုးထလာချိန်မှာ စွမ်းအင်အပြည့်နဲ့ လန်းဆန်းတက်ကြွနေပါလိမ့်မယ်။ ညဘက်မှာ ခန္ဓာကိုယ်ဟာ ကောင်းစွာအနားရထားတဲ့အတွက် နောက်တစ်နေ့အိပ်ရာနိုးချိန်မှာ ခွန်အားသစ်တွေ လန်းဆန်းတက်ကြွမှုတွေရစေမှာဖြစ်ပြီး တစ်နေ့တာကို စွမ်းအင်အပြည့်နဲ့ Productive ဖြစ်စွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
(၂) နှလုံးကျန်းမာရေး ကောင်းမွန်စေတယ်

Photo : Harvard Health
ညဘက် စောစောအိပ်စက်အနားယူခြင်းက အိပ်စက်မှုအရည်အသွေးကို ကောင်းမွန်စေပြီးသွေးပေါင်ချိန် မှန်ကန်စေပါတယ်။ သွေးပေါင်ချိန်ဟာ နှလုံးကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ သွေးဖိအားများလာတဲ့အမျှ လေဖြတ်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေပိုများလာမှာ ဖြစ်ပါတယ်။
(၃) မှတ်ဉာဏ် တိုးတက်စေတယ်

Photo : Futura-Sciences
အိပ်ရေးပျက်ခြင်းရဲ့ အကြီးမားဆုံး အန္တရာယ်က မှတ်ဉာဏ်နဲ့ ဦးနှောက်ဆိုင်ရာကျန်းမာရေးကို ထိခိုက်ပျက်စီးစေတာပါပဲ။ သုတေသနပြုချက်များအရ အိပ်ရေးပျက်များလူငယ်တွေမှာမေ့လျော့ခြင်း အာရုံစူးစိုက်ရခက်ခြင်း လေ့လာသင်ယူနိုင်စွမ်းကျဆင်းခြင်းစတဲ့ ပြဿနာတွေဖြစ်တာ တွေ့ရပါတယ်။ အိပ်ရေးပျက်မခံပဲ ညဘက်အိပ်ရာစောစောဝင်မယ် အိပ်ရေးဝဝ အိပ်စက်အနားယူခြင်းက ဦးနှောက်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး မှတ်ဉာဏ် တိုးတက်စေမှာဖြစ်ပါတယ်။
(၄) ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

Photo : Medical News Today
အလားတူ အိပ်ရေးပျက်ခြင်းဟာ cortisol ဟော်မုန်းနဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်စေပြီး အဝလွန်ခြင်းနှင့် type 2 ဆီးချိုဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်စက်နိုင်ဖို့ ညဘက်မှာ စောစောအိပ်ရာဝင်ပါ။ စောစောအိပ်တာဟာခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါလိမ့်မယ်။
(၅) စိတ်ဖိစီးမှုနည်းစေတယ်

Photo : LiveAbout
သိပ္ပံနှင့်ဆေးဘက်ဆိုင်ရာ အထောက်အထားများအရ စောစောအိပ်စက်အနားယူခြင်းဟာ ရုပ်ပိုင်းဆိုင်ရာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေပြီး စိတ်ဖိစီးခြင်း ၊ စိုးရိမ်ပူပန်ခြင်းများ လျော့နည်းသက်သာစေလို့ ဖော်ပြထားပါတယ်။ ဒါတင်မကသေးပါဘူး စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေကာ ပိုမိုပျော်ရွှင်စေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။
Featured Photo : Pinterest
