အားလပ်ရက်တွေမှာ ရေကူးကန်တစ်ခုခုဖြစ်ဖြစ် သဘာဝအင်းအိုင်မြစ်ချောင်းမှာဖြစ်ဖြစ် ရေကူးဖြစ်တယ်ဆိုရင် သင်ဟာ အင်မတန်ကျန်းမာရေးအကျိုးများတဲ့ အလေ့အထတစ်ခု လုပ်နေပါပြီလို့ ပြောချင်ပါတယ်။ ရေကူးတယ်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားစေတဲ့ All Body Workout ဖြစ်ပါတယ်။ ရေထဲမှာ ရှိနေတုန်း လှုပ်ရှားရုန်းကန်မှုတွေဟာ တစ်ကိုယ်လုံးကို အလုပ်ပေးနေတာ ဖြစ်လို့ ကျန်းမာရေးအကျိုးအရ တစ်ကိုယ်လုံးအတွက် ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဒီထက်ပိုပြီး အသေးစိတ်ပြောရမယ်ဆိုရင်တော့ ပုံမှန်ရေကူးတာဟာ အခုပြောမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ခံစားရမှာပါ။

(၁) ကယ်လိုရီလောင်ကျွမ်းစေတယ်

swimming in a lake

Photo: Unsplash

ရေကူးခြင်းဟာ ပြေးတာနဲ့ တခြား ကိုယ်လက်လှုပ်ရှားတာတွေထက် ကယ်လိုရီတွေ ပိုလောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ရေကူးချိန် တစ်နာရီအတွင်း ကယ်လိုရီ ၈၀၀ အထိ ကျပါတယ်။ ရေကူးတဲ့နည်းစနစ်ပေါ်လိုက်ပြီး ကယ်လိုရီလောင်ကျွမ်းမှု အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဥပမာ လိပ်ပြာကူးကူးတာဟာ ပုံမှန် ရေကူးနည်းစနစ်တွေထက် ကယ်လိုရီပိုပြီး လောင်ကျွမ်းစေပါတယ်။

(၂) စိတ်ဖိစီးမှုနည်းပြီး ဦးနှောက်ကျန်းမာရေးအတွက် ကောင်းတယ်

man swimming

Photo: Unsplash

Stress လို့ ခေါ်တဲ့ စိတ်ဖိစီးမှုဟာ ကျွန်တော်တို့အားလုံးလိုလို ကြုံနေကြတဲ့ ပြဿနာပါ။ ရေကူးခြင်းဟာ စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေပြီး လူရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတယ်လို့ ကျန်းမာရေးလေ့လာချက်တွေက ထောက်ပြထားပါတယ်။ ရေကူးနေချိန်မှာ တစ်ကိုယ်လုံး ညောင်းညာတောင့်တင်းနေတာတွေ ပြေလျော့သွားပြီး စိတ်အခြေအနေဟာ ဖြည်းဖြည်းခြင်း အေးချမ်းသိမ်မွေ့လာပါတယ်။

ယောဂကစားတာလိုပဲ ရေကူးတာဟာ အသက်ရှုမှုကို အထောက်အကူပြုသလို တစ်ကိုယ်လုံးကိုလည်း အကြောလျှော့ပေးနိုင်ပါတယ်။ စိတ်ကြည်လင်စေတဲ့ Endorphin တွေ ပိုထွက်စေပြီး သက်တောင့်သက်သာဖြစ်အောင် ပြုပြင်ပေးနိုင်ပါတယ်။ ရေကူးတာဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်လုပ်ဆောင်ချက်တွေ ပိုကောင်းစေပါတယ်။ ပုံမှန် ရေကူးတဲ့လူတွေဟာ ကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေ အဖြစ်နည်းပြီး ဦးနှောက်ထဲက ဆဲလ်တွေ ကြီးထွားမှုကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

ဦးနှောက်စွမ်းအင်ထက်မြက်စေပြီး ဦးနှောက်ကို ကြည်လင်စေလို့ တွေးခေါ်မှုနဲ့ ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်စေနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ကလေးတွေကို ရေကူးစေတာဟာ သင်္ချာတွက်ချက်မှုတွေဘက်မှာ ပိုကောင်းမွန်တဲ့ ရလဒ်ထွက်စေတယ်လို့လည်း သိပ္ပံနည်းကျလေ့လာမှုတွေက ဆိုပါတယ်။ ရေကူးတာဟာ ညဘက်အိပ်စက်မှုကို ပိုကောင်းစေလို့ အိပ်မပျော်နိုင် ဖြစ်တဲ့လူတွေအနေနဲ့လည်း ရေကူးပေးဖို့ အကြံပေးချင်ပါတယ်။

(၃) အဆုတ်အားကောင်းစေတယ်

man in the swimming pool

Photo: Unsplash

ရေကူးခြင်းဟာ တစ်ကိုယ်လုံးကြွက်သားတွေကို အလုပ်ပေးတာပါ။ ဒီလိုကြွက်သားတွေထဲမှာ အဆုတ်နဲ့ နှလုံးကို ပိုမိုသန်မာအောင်လည်း လေ့ကျင့်ပေးတဲ့ ကြွက်သားတွေ ပါဝင်ပါတယ်။ ရေကူးနေချိန်မှာ အသက်ရှုနည်းနဲ့ ထိန်းချုပ်မှု အားကောင်းလာလို့ အဆုတ်လုပ်ဆောင်ချက်လည်း ပိုပြီး အားကောင်းလာစေပါတယ်။ Asthma လို့ ခေါ်တ့ ပန်းနာရင်ကြပ်သမားတွေအတွက် ရေကူးလေ့ကျင့်ခန်းဟာ အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်။

(၄) အိုမင်းရင့်ရော်မှုကို လျှော့ချပေးပါတယ်

water and man

Photo: Unsplash

ရေကူးတာဟာ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ‌ရေးအတွက်ပါ ကောင်းမွန်ပါတယ်။ အထူးသဖြင့် ရေကူးခြင်းဟာ သွေးတိုး BP နဲ့ ကိုလက်စထရော Level ကျဆင်းစေပြီး ဦးနှောက်နဲ့ ကြွက်သားတွေထဲ သွေးစီးဆင်းမှုကို ပိုကောင်းစေတာဖြစ်လို့ အိုမင်းရင့်ရော်မှုကို လျှော့ချပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။ အဆစ်အမြစ်ရောင်မှုနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ကစားသမားတွေကို ရေကူးပြီး အရိုးအဆစ်တွေ ပြန်အားကောင်းအောင် ကုသလေ့ရှိပါတယ်။

ဒီအချက်တွေအပြင် ရေကူးခြင်းဟာ လူကို တက်ကြွလန်းဆန်းစေပြီး ရွှင်လန်းပေါ့ပါးစေနိုင်တာဖြစ်လို့ အပတ်စဉ်ပုံမှန်ရေကူးပေးသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။