ဒီရက်ပိုင်း အပူချိန်သိသိသာသာတိုးလာတာကို ခံစားမိကြမယ်ထင်ပါတယ်။ နွေရာသီရဲ့ လွန်ကဲတဲ့အပူချိန်ကြောင့် ချွေးထွက်များခြင်း မောပန်းနွမ်းနယ်ခြင်းနှင့် အားအင်ကုန်ခမ်းခြင်း ပြဿနာတွေအဖြစ်များလေ့ရှိပါတယ်။ ဒါကြောင့် အခုလိုရာသီမှာ ရေဓာတ်ပြည့်ဝအောင်နေထိုင်ပြီး အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးဖို့လိုအပ်တာပေါ့။ဒီနေ့မှာတော့ နွေရာသီမှာစားသင့်တဲ့ ကျန်းမာရေးနဲ့အညီအညွှတ်ဆုံးအစားအစာတွေကိုပြောပြပေးချင်ပါတယ်။

(၁) ဖရဲသီး

ဖရဲသီးတွေဟာ နွေရာသီအတွက် အသင့်တော်ဆုံး အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဖရဲသီးရဲ့ အားသာချက်က အရည်ရွှမ်းပြီး ရေဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် နွေအပူဒဏ်ကိုအကောင်းဆုံးတွန်းလှန်ပေးပြီး လန်းဆန်းတက်ကြွစေပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ် အမျှင်ဓာတ် antioxidants ဓာတ်တွေပါဝင်တဲ့အပြင် နှလုံးကျန်းမာရေးကိုကောင်းမွန်စေတဲ့ lycopene ဒြပ်ပေါင်းများလည်းပါဝင်ပါတယ်။

(၂) ငါးကင်

ငါးတွေမှ ာခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေမယ့် အဟာရဓာတ်များစွာပါဝင်နေတာကြောင့် စားသုံးသင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် ငါးမှာပရိုတင်းဓာတ် အိုမီဂါ သရီး ဖက်တီအက်စစ်ဓာတ် စသည်ဖြင့်ခန္ဓာကိုယ်အတွက် အကျိုးပြုဓာတ်များပါဝင်ပါတယ်။ ငါးကိုဒယ်အိုးပေါ်မှာပဲ ဆီနည်းနည်းနဲ့အပူပေးကာ Grill လုပ်ပြီးစားသုံးတာက ကျန်းမာရေးနှင့်အကိုက်ညီဆုံးဖြစ်ပြီး လွယ်ကူရိုးရှင်းပါတယ်။ ထမင်းနဲ့တွဲဖက်စားလို့ရသလို အသားညှပ်ပေါင်မုန့်အဖြစ်လည်း ပေါင်မုန့်နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

(၃) Iced Tea

Green Tea သို့မဟုတ် Black Tea ကဲ့သို့သောလက်ဖက်ရည်တွေမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ဓာတ်တွေအများကြီးပါဝင်ပြီး ရောဂါတိုက်ဖျက်ပေးတဲ့ antioxidants ဓာတ်တွေလည်း အများအပြားပါဝင်ပါတယ်။ ဒါ့အပြင့် အသားအရေကို နေရောင်ခြည်ဓာတ်မှကာကွယ်ပေးတာကြောင့် အခုလိုနွေရာသီအတွက် အကိုက်ညီသောက်စရာဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ကျန်းမာရေးနှင့်လည်း ညီညွှတ်ပြီး အရသာရှိတဲ့ Green Tea သို့မဟုတ် Black Tea ကိုရေခဲလေးနဲ့ အေးအေးလေးဖျော်သောက်လိုက်ပါ။

(၄) ဘယ်ရီသီးများ

စတော်ဘယ်ရီ ဘလူးဘယ်ရီ ရက်စ်ဘယ်ရီ စတဲ့ဘယ်ရီသီးတွေဟာ အမျှင်ဓာတ်ပါဝင်မှုနှုန်းများပြီး ဗီတာမင်ဓာတ်များလည်း ပြည့်ဝစွာပါဝင်ပါတယ်။ ကယ်လိုရီပါဝင်မှုနှုန်းလည်းနည်းတာကြောင့် ကိုယ်အလေးချိန်ထိန်းချင်သူတွေအတွက်အထူးသင့်တော်ပါတယ်။ ဒါ့အပြင်ဘယ်ရီသီးတွေဟာ ခန္ဓာကိုယ်အရေးပြားကျန်းမာရေးနဲ့ မျက်စိကျန်းမာရေးကိုလည်းကောင်းမွန်စေတာကြောင့် အခုလိုနွေရာသီမှာ စားသုံးပေးဖို့သင့်တော်ပါတယ်။ ဒီတိုင်းစားလို့ရသလို ဒိန်ချဉ်လေးနဲ့ တွဲဖက်စားမယ်ဆိုရင်လည်းအရသာအရမ်းရှိစေပါတယ်။

(၅) ပြောင်းဖူး

ကလေးလူကြီးမရွေးကြိုက်နှစ်သက်ပြီး အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေထဲမှာ ပြောင်းဖူးကလဲမပါမဖြစ်ပါပဲ။ပြောင်းဖူးဟာ ထင်တာထက်ကိုပိုပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် မျက်စိကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ lutein နှင့် zeaxanthin ဓာတ်တွေကိုပြောင်းဖူးမှ ရရှိနိုင်ပါတယ်။ ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ် ကစီဓာတ်တွေလည်းကြွယ်ဝတာကြောင့် စားသုံးပေးသင့်ပါတယ်။ပြောင်းဖူးကိုပြုတ်ပြီးစားနိုင်သလို မီးကင်ပြီးစားရင်လည်းအရသာရှိပါတယ်။

Source : foodnetwork