လူခန္ဓာကိုယ်တစ်ခု ကောင်းစွာလည်ပတ်နိုင်ဖို့ အဆုတ်ဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘာကြောင့်လဲဆိုရင် အဆုတ်က လူတစ်ယောက်အသက်ရှင်ဖို့ အသက်ရှုခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဆုတ်ကျန်းမာရေးကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒီနေ့မှာတော့ အဆုတ်ကိုအားကောင်းစေပြီး ပိုမိုကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

(၁) ပန်းသီး

ပန်းသီးမှာ ဗီတာမင် C ၊ ဗီတာမင် E နှင့် Beta-carotene ဓာတ်များမြင့်မားစွာပါဝင်ပါတယ်။ ပန်းသီးတွင် antioxidants များစွာလည်းပါဝင်တာကြောင့် အဆုတ်ကျန်းမာရေးကိုကောင်းမွန်စေပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကိုပါ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ပန်းသီးက အဆုတ်ကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

(၂) ဘရိုကိုလီ

ပန်းဂေါ်ဖီစိမ်းလို့ လူသိများတဲ့ ဘရိုကိုလီဟာလည်း အဆုတ်ကိုပျက်စီးစေသောဒြပ်ပေါင်းများကို တိုက်ထုတ်ပေးတဲ့ ဗီတာမင် C ၊ ကာရိုတိုနိုက်၊ ဖောလိတ် နှင့် Phytochemicals များကြွယ်ဝစွာပါဝင်ပါတယ်။ ဘရိုကိုလီစားပေးခြင်းက အဆုတ်ရဲ့ကျန်းမာရေးကိုကောင်းမွန်စေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

(၃) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ allicin ပါဝင်ပြီး ၎င်းကကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ပေးဖို့ ကူညီပေးပါတယ်။ ကြက်သွန်ဖြူဟာ ဆေးဖက်ဝင်တဲ့အစွမ်းသတ္တိရှိတာကြောင့် ပန်းနာရင်ကျပ်ကုသရာမှာ ထိရောက်တဲ့ဆေးအဖြစ်သတ်မှတ်ထားကြပြီး အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကိုပါ လျော့ချပေးနိုင်ပါတယ်။

(၄) ဘယ်ရီသီး

အဆုတ်ကျန်းမာရေးအတွက် စားပေးသင့်တဲ့ နောက်ထပ်အစားအစာတစ်မျိုးကတော့ ဘယ်ရီသီးတွေပဲဖြစ်ပါတယ်။ ဘယ်ရီသီးတွေမှာ ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ များစွာပါဝင်တဲ့အတွက် အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်တဲ့ဆဲလ်တွေပျက်စီးခြင်းကိုကာကွယ်ပေးပြီးအဆုတ်ကျန်းမာရေးကိုထူးခြားကောင်းမွန်စေပါတယ်။