အောင်မြင်ချင်လားလို့ မေးရင် ဟင့်အင်းလို့ ဖြေမယ့်သူ နည်းပါလိမ့်မယ်။ ဒါပေမယ့် အောင်မြင်သူတို့ အကျင့်ကို လုပ်ဖြစ်လားဆိုရင် Yes လို့ ဖြေနိုင်သူ ရှားပါလိမ့်မယ်။ အောင်မြင်သူတွေ လုပ်နေကျ အလေ့အကျင့်ဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက် အယူအဆချင်း တူမှာမဟုတ်ပေမယ့် ယေဘုယျအားဖြင့် အခုပြောမယ့် အချက်တွေမှာ သဘောတူကြပါလိမ့်မယ်။

(၁) ကြိုတင်စီစဉ်တတ်တဲ့အကျင့် ရှိပါစေ

To Do List Board

Photo: Unsplash

ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ မနက်ဖြန်မှာ လုပ်မယ့် ကိစ္စတွေအတွက် ဒီနေ့ကတည်းက ကြိုတင်ပြင်ဆင်တတ်တဲ့အကျင့်လေး လုပ်ပေးဖို့ လိုပါတယ်။ အောင်မြင်မှုဆီ သွားမယ့်လူအတွက် ကြိုတင်ပြင်ဆင်တတ်ခြင်းဟာ အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ အောင်မြင်ချင်ရင် မနက်ဖြန်ကို ကြိုမြင်ပြီး လိုအပ်တာတွေ ပြင်ဆင်ထားဖို့ လိုပါတယ်။ အနည်းဆုံးတော့ နောက်တစ်ရက်အတွက် ဦးစားပေးလုပ်ရမယ့် ကိစ္စလေးတွေအတွက် Plan ချတဲ့အကျင့်လေး ဆောင်ထားဖို့ တိုက်တွန်းချင်ပါတယ်။

(၂) မနက်တိုင်း တရားထိုင်ပါ

The way of peaceful mind buildup

Photo: Unsplash

နေ့တိုင်း နာရီဝက်လောက် တရားထိုင်တဲ့အကျင့်လေး ရှိရုံနဲ့တင် သင့်ဘဝကို အများကြီး ပြောင်းလဲစေနိုင်တယ်ဆိုတာ သိထားပါ။ တရားထိုင်ခြင်းဆိုတာ စိတ်အဆင့်မြှင့်တင်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ တရားထိုင်တဲ့ အလေ့အထအားကောင်းသူဟာ ပြဿနာတွေကြုံလာရင် ခေါင်းရှင်းရှင်းနဲ့ ရင်ဆိုင် ဖြတ်သန်းနိုင်ပါတယ်။ စိတ်စုစည်းမှုနဲ့ စိတ်ဓါတ်အင်အား ပိုပြီး ကြီးမားလာနိုင်ပါတယ်။ အောင်မြင်တဲ့သူ ဖြစ်ဖို့ဆိုတာ သင့်ရဲ့ စိတ်ကို အမြင့်ဆုံးမှာ ထားတတ်ဖို့ လိုတယ်မဟုတ်လား။

(၃) ကိုယ့်ကိုယ်ကိုယ် တွန်းပါ

man in the city

Photo: Unsplash

အခက်အခဲတွေကို ကျော်ဖြတ်ပြီး အခွင့်အလမ်းတွေဆီ ရောက်အောင် ကိုယ့်ကိုယ်ကိုယ် တွန်းတင်ပါ။ စိန်ခေါ်ပါ။ နောက်မှ အနားယူမယ်။ အခု အသက်မကြီးခင် ထိုက်တန်တဲ့ နေရာတစ်ခုရောက်အောင် ကိုယ့်ကိုယ်ကိုယ် မောင်းမယ်လို့ စိတ်ပိုင်းဖြတ်ပါ။ ကိုယ့်ကိုယ်ကိုယ် မခိုင်းဘဲ Comfort Zone မှာ ထားတဲ့ အကျင့်ကို ဖျောက်ပါ။ ကိုယ့်ကိုယ်ကိုယ် တစ်နေ့ထက် တစ်နေ့ ပိုတိုးတက်အောင် ၊ အလုပ်ပိုလုပ်နိုင်အောင် စိန်ခေါ်မှုလုပ်ပါ လို့ ပြောချင်ပါတယ်။

(၄) စွမ်းအင်စားတဲ့ ကပ်ပါးအာရုံတွေ ရှောင်ပါ

man playing chess

Photo: Unsplash

စိတ်ဓါတ်ပျော့ညံ့စေမယ့် အတွေးတွေ မတွေးဖြစ်အောင် မောင်းထုတ်ပါ။ အဲ့လို အတွေးမျိုး ခေါင်းထဲ လာထည့်တဲ့လူတွေနဲ့လည်း ဝေးဝေးနေပါ။ ကိုယ့်ရဲ့ အိပ်မက်ကို မဖြစ်နိုင်ပါဘူးလို့ ဖျက်လိုဖျက်ဆီးလုပ်တဲ့လူတွေနဲ့ မပေါင်းပါနဲ့။ အောင်မြင်မှု ရနေတဲ့လူတွေ ၊ ဘဝကို ပိုအကောင်းမြင်ပြီး နိုးကြားတက်ကြွစွာ ရှင်သန်နေသူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ သူတို့ဆီက ကောင်းမွန်တဲ့ အလေ့အကျင့်တွေ အတုခိုးပါ။

(၅) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ

man looking at the graph

Photo: Unsplash

ကိုယ်ဖြစ်ချင်တဲ့ အရာတွေ အကုန်လုံးကို ရအောင် ယူနိုင်တယ်ဆိုတဲ့ စိတ်မွေးပါ။ အကောင်းမြင်ပါ။ မျှော်လင့်ချက်ထားပါ။ အဆိုးဝါးဆုံး ရှုံးနိမ့်ချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် အလင်းရောင်အောက်မှာ ထားနိုင်မယ့် အတွေးမွေးပါ။ ခံယူချက်ကောင်းတစ်ခု ၊ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုနဲ့ နေထိုင်ပါ။

Featured Photo: 3sistersfinance