ဂျပန်လူမျိုးတွေရဲ့ သက်ရှည်ကျန်းမာတဲ့ လျို့ဝှက်ချက်တစ်ခုက သူတို့ရဲ့ စားသောက်မှု ပုံစံပဲ ဖြစ်ပါတယ်။ များသောအားဖြင့် သန့်ရှင်းလတ် ဆတ်ပြီး အဆီနည်းတဲ့အစားအစာတွေကို ဦးစားပေးစားကြတဲ့အတွက် ဂျပန်နိုင်ငံရဲ့လူဦးရေ ၃.၇ ရာခိုင်နှုန်းလောက်ပဲ အဝလွန်ရောဂါ ဖြစ်ကြတယ်လို့ သုတေသီတွေရဲ့ လေ့လာမှုတွေအရ အတည်ပြုထားပါတယ်။

အမေရိကန်နိုင်ငံနဲ့ နှိုင်းယှဉ်ရင်တော့ ၁၀ ဆ လောက်ကို ကွာပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေဟာ ကမ္ဘာပေါ်က အသက်ရှည်ကျန်းမာဆုံးလူမျိုးလို့ ပြောကြတာပါ။ ကဲဒီနေ့မှာတော့ ဂျပန်လူမျိုးတွေ ပုံမှန်စားလေ့ရှိတဲ့ ကျန်းမာရေနဲ့အညီညွတ်ဆုံး အစားအစာတွေကို ပြောပြပေးချင်ပါတယ်။

(၁) တို့ဟူး

Tofu
Photo : Healthline

ဂျပန်လူမျိုးတွေက တို့ဟူးကို မီဆိုဟင်းချိုကဲ့သို့ အရည်သောက်ဟင်းလျာတွေမှာ အများဆုံးထည့်ချက်လေ့ ရှိပါတယ်။ တို့ဟူးဟာ ပဲပိစပ်ကနေ ထုတ်လုပ်ထားတဲ့အတွက် ကယ်လိုရီနည်းပြီး ပရိုတင်းနဲ့ ဗီတာမင်ဓာတ် တော်တော်များများ ပြည့်စုံကြွယ်ဝစွာပါဝင်တဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး စားစရာတစ်ခု ဖြစ်ပါတယ်။ တို့ဟူးကို ဟင်းချိုတွေမှာထည့်ချက်သလို အရသာစိမ်ပြီး ထမင်းဖြူ ခေါက်ဆွဲတို့လည်း တွဲဖက်စားလေ့ရှိပါတယ်။

(၂) ပင်လယ်ရေညှိ

Seaweed
Photo : The Splendid Table

ဂျပန်လူမျိုးတွေက ရေညှိသိပ်စားကြတဲ့ သူတွေပါ။ ကွန်ဘူ ၊ ဝါကာမီနဲ့ နိုရီ ကဲ့သို့ ပင်လယ်ရေညှိအမျိုးအစားတွေကို ဟင်းချို ၊ ဆူရှီ ၊ အသုပ်နဲ့ အရံဟင်းလျာတွေမှာ အများဆုံးတွေ့ရပြီး သရေစာအဖြစ်လည်း စားသုံးလေ့ရှိကြပါတယ်။ ပင်လယ်ရေညှိတွေဟာ ဗီတာမင်နှင့် သတ္တုဓာတ် အရင်းအမြစ်ဖြစ်သလို အမျှင်ဓာတ် ၊ အိုင်အိုဒင်းဓာတ်နဲ့ beta-carotene ဓာတ်တို့လည်း မြင့်မားစွာပါဝင်ပါတယ်။

(၃) ဆာရှိမိ

Sashimi

Photo : Freepik

ဆာရှိမိဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးစားဖွယ်တစ်ခု ဖြစ်ပါတယ်။ ငါးစိမ်းကို လှီးဖြတ်ပြီး အစိမ်းအတိုင်း ဂျင်း ၊ ပဲငံပြာရည်တို့နဲ့ တွဲဖက် စားရတာမျိုးပါ။ ငါးအစိမ်းမှာ ပရိုတင်းဓာတ်နဲ့ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ Omega-3 fatty acids တို့ကြွယ်ဝစွာပါဝင်တဲ့အပြင် ကြော်ထား ၊ ချက်ထားတာမျိုးမဟုတ်တဲ့အတွက် ကယ်လိုပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်ပါတယ်။

(၄) ဟင်းသီးဟင်းရွက်

Vegetables

Photo : Verywell Fit

ဂျပန်အစားအစာတွေထဲမှာ ဟင်းသီးဟင်းရွက်က မပါမဖြစ်ပါပဲ။ အနောက်တိုင်းအစားအစာတွေနဲ့ ယှဉ်ရင် ဂျပန်အစားအစာတွေမှာ ဟင်းသီး ဟင်းရွက်ပါဝင်မှုက ၅ ဆ ပိုများပါတယ်။ များသောအားဖြင့် လတ်ဆတ်တဲ့ ဂေါ်ဖီထုပ် ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥ အဖြူ/နီ ၊ သကြားမုန်လာ ၊ မုန့်ညှင်းစတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်တွေ စားလေ့ရှိကြပါတယ်။

(၅) မှို

Mushrooms

Photo : iStock

ဂျပန်လူမျိုးတွေ အစားများတဲ့ နောက်ထပ် superfood တစ်ခုက မှိုပါ။ ဂျပန်မှာ ရှိတာကီမှို အပါအဝင် မှိုအမျိုးအစား ပေါင်းများစွာကို စားလေ့ရှိကြပါတယ်။ မှိုတွေမှာ ကယ်လိုရီပါဝင်မှုအတော်လေးကိုနည်းပြီး ကိုလက်စထရောမပါတဲ့အပြင် အမျှင်ဓာတ်၊ ဗီတာမင် နဲ့သတ္တုဓာတ်များစွာ ပါဝင်တာကြောင့် ဂျပန်လူမျိုးတွေဟာ မှိုကိုချက်ပြီးစားလေ့ရှိသလို ဟင်းချိုတွေမှာလည်း ထည့်ချက်လ့ရှိပါတယ်။

Featured Photo : Healthline