ကိုယ်အလေးချိန်ချချင်ရင် သရေစာမုန့်တွေ ရှောင်နိုင်သမျှဝေးဝေးရှောင်ရမယ်လို့ ထင်မှတ်ထားကြပါတယ်။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်က သရေစာမုန့်တွေကို တောင့်တတဲ့အချိန်တွေ ရှိတတ်ကြပါတယ်။ အဲ့ဒီအချိန်တွေမှာ စိတ်ကိုတင်းထားပြီး မစားဘဲနေမယ်ဆိုရင်တော့ စိတ်ဖိစီးမှုကို ထပ်ဆောင်းခံစားရမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သရေစာမုန့်တွေ လုံးဝမစားဘူးလို့ စိတ်ကို တင်းထားပြီး ကိုယ့်ကိုယ်ကို ဒုက္ခပေးနေမယ့်အစား ကျန်းမာရေးနဲ့ ညီညွှတ်တဲ့သရေစာမုန့်လေးတွေကို စားသုံးပေးလိုက်ပါ။

အပြေးသမားတွေအတွက် သရေစာမုန့်

ငှက်ပျောသီး ဒိန်ချဉ်က အပြေးသမားတွေအတွက် အထူးသင့်တော်တဲ့ သရေစာမုန့်ပဲဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ ဒိန်ချဉ်ကို ကြိတ်စက်ထဲ အတူတူရောမွှေပြီး စားသုံးနိုင်သလို၊ သပ်သပ်စီ စားသုံးမယ်ဆိုလည်း သင့်တော်ပါတယ်။

ရုံးသမားတွေအတွက် သရေစာမုန့်

ရုံးမှာ တစ်နေကုန်နေရမှာ အာလူးကြော်တွေ၊ ကွတ်ကီးတွေ ဝယ်ထားဦးမှဆိုပြီး မတွေးလိုက်ပါနဲ့။ သကြားဓာတ်လွန်ကဲတဲ့ ကွတ်ကီးတွေက သင့်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါ့ကြောင့် ပန်းသီးလေးတစ်လုံးကို အလုပ်စားပွဲပေါ်မှာ တင်ထားပေးလိုက်ပါ။ ပန်းသီးထဲမှာပါတဲ့ အာဟာရဓာတ်က သင့်ကို စွမ်းအင်ပြည့်ဝစေမှာဖြစ်ပြီး ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ချောကလက်မဲကိုလည်း စားသုံးပေးနိုင်ပါတယ်။

အာရုံစူးစိုက်နိုင်မှုမြှင့်မားစေတဲ့ သရေစာမုန့်

အလုပ်လုပ်ရတဲ့အခါ၊ စာကြည့်ရတဲ့အခါမျိုးမှာ အာရုံပျံ့လွှင့်နေပြီး ဘာမှအလုပ်မဖြစ်ဘူးလို့ ခံစားနေရတယ်ဆိုရင် ဘလူးဘယ်ရီသီးလေးတွေ စားသုံးပေးလိုက်ပါ။ ဘလူးဘယ်ရီသီးက အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်မားစေပြီး မှတ်ဥာဏ်ကောင်းစေပါတယ်။ အသီးထဲမှာပါဝင်တဲ့ Antioxidants က ဦးနှောက်ဆီသို့ ပို့ဆောင်ပေးရတဲ့ အောက်ဆီဂျင်နဲ့ သွေးလှည့်ပတ် စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ ချောကလက်မဲစားသုံးခြင်းကလည်း သင့်ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို မြှင့်မားစေမှာပါပဲ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်မယ့် အစားအစာ

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများက သင့်ရဲ့အိပ်စက်ခြင်းကို ကောင်းမွန်စေမယ့် အစားအစာတွေပဲဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးများ၊ အစေ့အဆံများ၊ ဟင်းသီးဟင်းရွက်များ စားသုံးပေးခြင်းက ညဘက်မှာ ကောင်းကောင်းအိပ်မပျော်တဲ့သူတွေအတွက် အထူးကောင်းမွန်စေပါတယ်။

Source: fashionbeans.com