သင့်ရဲ့စိတ်ခံစားချက်များကို အခြားသူများထံသို့ ဝေမျှချင်ပါသလား။ ဒါမှမဟုတ် သင့်အတွက် ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကို အရေးပြားပေါ်မှာ ထာဝရရေးထိုးထားပြီး တစ်သက်လုံး အမှတ်ရချင်နေပါသလား။
အသည်းပုံက ချစ်ခြင်း၊ ဘဝနှင့် ဆုံးရှုံးခြင်းတို့ကို ကိုယ်စားပြုသော သင်္ကေတတစ်ခုဖြစ်တာကြောင့် တက်တူးထိုးချင်သော ယောကျာ်းများအတွက် အသင့်တော်ဆုံး ရွေးချယ်မှုပဲဖြစ်ပါတယ်။ အချို့ကတော့ အသည်းကွဲခြင်းကို ကိုယ်စားပြုနိုင်ဖို့အတွက် အသည်းပုံတက်တူးရေးထိုးထားလေ့ရှိပြီး အချို့တော့ မိမိချစ်သောတစ်စုံတစ်ခုကို ဂုဏ်ပြုချင်တဲ့အတွက်ကြောင့် အသည်းပုံတက်တူးရေးထိုးထားတတ်ကြပါတယ်။
အသည်းပုံတက်တူး ဒီဇိုင်းအမျိုးမျိုးကတော့ …
ဖဲချပ်အသည်းပုံတက်တူး
ဒီတက်တူးကတော့ ကံကောင်းခြင်းကို ကိုယ်စားပြုပြီး စွမ်းအားကြီးခြင်းကိုလည်း ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း လောင်းကစားခြင်းကို ကိုယ်စားပြုတာကြောင့် ဒီတက်တူး မထိုးခင်မှာ သေချာဆုံးဖြတ်သင့်ပါတယ်။
နှင်းဆီအသည်းပုံတက်တူး
နှင်းဆီနှင့် အသည်းပုံ ပေါင်းစပ်ထားခြင်းရဲ့သင်္ကေတကတော့ ဆူးနဲ့ပြည့်နှက်နေတဲ့ နှင်းဆီပန်းက အသည်းပုံကို ထိုးစိုက်နေတဲ့အတွက်ကြောင့် အသည်းနာကျင်ခြင်း (သို့) အသည်းကွဲခြင်းကို ကိုယ်စားပြုပါတယ်။
မျက်နှာပေါ်ရှိ အသည်းပုံတက်တူး
မျက်နှာက အထိမခံသောခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် လူအချို့သာ မျက်နှာပေါ်တွင် တက်တူးထိုးကြပါတယ်။ များသောအားဖြင့် ရက်ပါအဆိုတော်များ (သို့) ဂန်းစတားများသာ မျက်နှာပေါ်တွင် တက်တူးထိုးကြပါတယ်။ မျက်နှာပေါ်မှာ တက်တူးထိုးမယ်ဆိုရင်တော့ ပတ်ဝန်းကျင်ရဲ့ဝေဖန်ပြောဆိုမှုဒဏ်ကို လျစ်လျူရှုတတ်ရပါမယ်။
လက်ကောက်ဝတ်ရှိ အသည်းပုံတက်တူး
တက်တူးအသေးစားလေး ကြိုက်နှစ်သက်တဲ့ ယောကျာ်းများအတွက် လက်ကောက်ဝတ်ပေါ်မှာ ရေးထိုးနိုင်တဲ့ အသည်းပုံတက်တူးက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လက်ကောက်ဝတ်နေရာက အရေပြားလည်း ပါးပြီး ကြွက်သားနည်းတဲ့အတွက်ကြောင့် တက်တူးထိုးနေစဉ်မှာ ပုံမှန်ထက်ပိုပြီး နာကျင်ရပါလိမ့်မယ်။
အမည်းရောင် အသည်းနှလုံးတက်တူး
အရောင်များက သင့်ရဲ့စိတ်ခံစားချက်ကို ဖော်ကျူးနိုင်ပါတယ်။ အမည်းရောင် အသည်းပုံတက်တူးကတော့ ပူဆွေးဝမ်းနည်းခြင်း၊ ဆုံးရှုံးခြင်းတို့ကို ကိုယ်စားပြုတာကြောင့် လောလောလတ်လတ်အသည်းကွဲထားတဲ့ အမျိုးသားများက သူတို့ရဲ့နာကျင်မှုကို ပြန်လည်အမှတ်ရနေဖို့ရန်အတွက် အမည်းရောင် အသည်းပုံတက်တူးမျိုး ရေးထိုးထားတတ်ကြပါတယ်။
နာမည်နှင့်တကွ ရေးထိုးထားတဲ့ အသည်းပုံတက်တူး
ဒီလိုတက်တူးမျိုးကိုတော့ မိမိချစ်ရတဲ့သူက ကိုယ့်အတွက် ဘယ်လောက်တောင်အရေးပါသလဲဆိုတာကို ဖော်ကျူးပြသဖို့အတွက် တက်တူးထိုးလေ့ရှိကြပါတယ်။ ချစ်သူစုံတွဲများ အထိုးများလေ့ရှိပြီး အမှတ်တရဖြစ်စေမယ့် နေ့စွဲများ၊ အထိမ်းအမှတ်နေ့များကိုပါ တစ်ပါတည်း ရေးထိုးလေ့ရှိကြပါတယ်။
သင်ရော တက်တူးတစ်ခု ထိုးမယ်ဆိုရင် ဘယ်လိုတက်တူးများ ထိုးချင်ပါသလဲ။
Source: Thetrendspotter