တကယ်လို့ သင်က ဝီစကီကြိုက်နှစ်သက်တဲ့သူဆိုရင် ဘော်ဘွန်း Bourbon ဝီစကီတွေကို မြည်းစမ်းဖူးမယ်လို့ ထင်ပါတယ်။ ဝီစကီလို့ ပြောကြရင် စကော့တွေကို အရင် ပြေးမြင်ကြပေမယ့် Scotch Whisky တွေပဲ နာမည်ကြီးတာ မဟုတ်ပါဘူး။ အိုင်းရစ်ချ်ဝီစကီ ၊ အမေရိကန်ဝီစကီတွေကလည်း ကမ္ဘာကျော်ပါတယ်။ အမေရိကန်ဝီစကီတွေထဲမှာမှ လူကြိုက်အများဆုံး ဝီစကီက Bourbon ဝီစကီ ဖြစ်ပါတယ်။
Bourbon တွေက အမေရိကားမှာ ထုတ်ပြီး ပြောင်းဖူး ၅၁% နဲ့ ထုတ်လုပ်တာပါ။ စကော့တလန်မှာ ချက်လုပ်တဲ့ ဝီစကီတွေက ဂျုံ ၊ ပြောင်း ၊ ဘာလီ ၊ ရိုင်း စတဲ့ အစေ့အဆံအမျိုးမျိုးကို အချဉ်ဖောက်ပြီး ပေါင်းခံတာ ဖြစ်ပါတယ်။ ဝီစကီကို သိုလှောင်တာကလည်း ဝက်သစ်ချသားစည်တွေထဲမှာပဲ လှောင်ပါတယ်။
Photo: manmadediy
Bourbon လို့ ခေါ်ဖို့ဆိုရင် အရည်ကို အီသနော (အယ်လ်ကိုဟောပါဝင်မှု အတိုင်းအတာ) 160 Proof ( တစ်နည်းအားဖြင့် ABV – Alcohol By Volume ၈၀% ) ထက် မပိုအောင် ပေါင်းခံရမှာ ဖြစ်ပြီး စည်ထဲမှာ 125 (ABV ၆၂.၅%) မှာ ထည့်သွင်းရပါတယ်။ တခြားဝီစကီတွေက 190 Proof (အယ်လ်ကိုဟော ၉၀%) ထက် မကျော်ဘဲ ပေါင်းခံပေးဖို့ လိုပါတယ်။
Bourbon ထုတ်လုပ်မှုဆိုင်ရာ စည်းကမ်းကြီးကြပ်မှုတွေကို ၁၈၀၀ ပြည့်လွန်နှစ်တွေက စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၈၉၇ Bottle in Bond Act ဥပဒေမှာ Bourbon ဝီစကီတွေကို အရက်ချက်လုပ်မယ့်ရာသီရောက်ရင် ပေါင်းခံစက်ရုံတစ်ခုရဲ့ ချက်လုပ်ရာနေရာတစ်ခုတည်းမှာပဲ ထုတ်လုပ်ရမှာ ဖြစ်ပြီး ပုလင်းထဲ ထည့်ပြီး သိုလှောင်မှုကိုလည်း အမေရိကန် အစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ ၄ နှစ်ထက် မပိုဘဲ ထားရှိရမယ်လို့ ဆိုပါတယ်။
ပြောရရင် အမေရိကန်မှာ ချက်လုပ်တဲ့ ဝီစကီမျိုးကိုမှ Bourbon လို့ ခေါ်ပါတယ်။ Bourbon ဆိုတာ အစက Kentucky Bourbon ဆိုပြီး ဒီဝီစကီ စတင် ပေါင်းခံချက်လုပ် သိုလှောင်ရာ ကန်တက်ကီကို အစွဲပြုပြီး ခေါ်ကြပါတယ်။ Bourbon ဆိုတာ ကန်တက်ကီမှာရှိတဲ့ Bourbon County က ထွက်တာမို့ ဖြစ်ပါတယ်။
Bourbon ဝီစကီမှာ ပြောင်းဖူးအနည်းဆုံး ၅၁% ပါဝင်ပြီး ဝက်သစ်ချစည်အဟောင်းမဟုတ်ဘဲ အသစ်တွေထဲမှာပဲ အနည်းဆုံး နှစ်နှစ်ထားပြီး သိုလှောင်ရပါတယ်။ 80 Proof ထက် မနည်းဘဲ ပုလင်းမှာ ထည့်သွင်းရပါတယ်။ ဘာအနံ့ ၊ အရောင်နဲ့ အရောမှ ပါလို့ မရပါဘူး။
Photo: advancedmixology
Bourbon ဟာ အမေရိကန်အမှတ်တံဆိပ် ယမကာ ဖြစ်ပေမယ့် ၁၉၀၀ နှစ်လယ်နဲ့ နှစ်ဆန်းပိုင်းတွေက ပေါပေါပဲပဲ ဝယ်သုံးနိုင်တဲ့ လူသုံးကုန်သောက်စရာတစ်မျိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဈေးချိုပြီး ခါးတယ် အရသာသိပ်မကောင်းတာကြောင့် နာမည်မကြီးသေးပါဘူး။ နောက်ပိုင်းနှစ်တွေမှာ Bourbon ကို ဆွဲဆောင်မှုရှိပြီး အထက်တန်းကျတဲ့ ဝီစကီစာရင်းဝင်အောင် ယမကာချက်လုပ်သူတွေဟာ ဖော်စပ်ပြီး ဈေးကွက်ဖောက်ခဲ့တာကြောင့် စကော့ဝီစကီလို တန်းမြင့်ဝီစကီဖြစ်လာခဲ့တာပါ။