ဂီတသံစဥ်တွေက လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ ဘဝအတွေ့အကြုံတွေကို ပြောပြတတ်ပါတယ်။ ဘာလို့ဆိုရင် ကျွန်တော်တို့ပျော်ရွှင်နေချိန်မှာ ဂီတသံစဥ်တွေနဲ့အတူ ပျော်ရွှင်တက်ကြွနေတတ်ပြီး ဝမ်းနည်းနေချိန်မှာတော့ စာသားတွေနဲ့အတူ စီးမျောခံစားတတ်ကြလို့ပါပဲ။ နေ့စဥ်ဘဝရဲ့ အနိမ့်အမြင့်၊ အတက်အကျများစွာကို တေးသွားများနဲ့ ဖြေဖျောက်လေ့ရှိတဲ့ လူ့သဘာဝအရ လူတစ်ယောက်ရဲ့သဘောအကျဆုံး Playlist တစ်ခုက သူ့ရဲ့ Lifestyle နဲ့ Personality ကို မီးမောင်းထိုးပြနေတတ်ပါတယ်။ ဒါကြောင့် အခုဆောင်းပါးလေးကနေ ကိုယ်ကြိုက်တဲ့ ဂီတအမျိုးအစားနဲ့ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်လက္ခဏာတွေက ကိုက်ညီမှုရှိရဲ့လားဆိုတာ ဆန်းစစ်ကြည့်လိုက်ရအောင်ပါ။
(၁) Pop

Photo : The Times
Pop လို့ပြောလိုက်တာနဲ့ တေးသွားချိုချိုသွက်သွက်လေးတွေကို ကြားယောင်မိကြမှာပါ။ Pop ဂီတပရိသတ်တွေဟာ Pop ဂီတသံစဥ်တွေလိုပဲ တက်ကြွလန်းဆန်းတဲ့အမူအကျင့်မျိုးရှိကြပြီး လူအများနဲ့ပြောဆိုဆက်ဆံရာမှာယုံကြည်မှုအပြည့်ရှိတတ်တဲ့ Extrovertတွေဖြစ်လေ့ရှိပါတယ်။ Pop သီချင်းတွေဟာ လူတွေနဲ့တစ်သားတည်းကျတတ်သလို Pop Fan လေးတွေကလည်း လူဝင်ဆံ့ပြီးနှစ်လိုဖွယ်ကောင်းအောင်ကို နေတတ်လေ့ရှိကြပါတယ်။
(၂) Country

Photo : 24/7 Wall St
ယေဘုယျအားဖြင့် Country သီချင်းကြိုက်သူတွေဟာ ရည်မှန်းချက်ကြီးမားတတ်ကြပြီး ကြိုးစားအားထုတ်ရတာ နှစ်ခြိုက်တတ်ကြပါတယ်။ ထူးခြားတဲ့အချက်ကတော့ Pop ဂီတချစ်သူတွေလိုပဲ လူဝင်ဆံ့ပြီး အပေါင်းသင်းများတတ်ကြတာပါပဲ။ ဒါ့အပြင် Country သီချင်းတွေဟာ များသောအားဖြင့် အဆွေးဓာတ်ခံရှိတတ်ကြပေမဲ့ Country သီချင်းချစ်သူတွေကတော့ စိတ်ခံစားချက်တည်ငြိမ်သူတွေ ဖြစ်လေ့ရှိပါတယ်။
(၃) Techno and House

Photo : EDMNOMAD
1980 ဝန်းကျင်မှာ ပေါ်ထွက်လာတဲ့ ဆန်းသစ်မြူးကြွတဲ့တေးသွားများဖြစ်တဲ့ Techno and House အမျိုးအစားကို နှစ်သက်ကြသူတွေလည်းရှိပါတယ်။ Social Media အားကောင်းလာတာနဲ့အမျှ Techno တေးသွားတွေကလည်း အရှိန်ဟုန်ကောင်းကောင်းနဲ့ ကျယ်ပြန့်လာတာမျက်မြင်ပဲ မဟုတ်လား။ Techno တေးသွားတွေဟာ နားထောင်သူတွေရဲ့ စိတ်ခံစားချက်ကို မြန်ဆန်တက်ကြွစေတတ်တဲ့ သဘောရှိကြတဲ့အတွက် Techno ကြိုက်သူတွေက နူးညံ့သိမ်မွေ့မှု နည်းပါးပြီး ဘဝကိုတက်တက်ကြွကြွ ၊ ဖျက်ဖျက်လတ်လတ် ဖြတ်သန်းနေထိုင်လေ့ရှိကြပါတယ်။
(၄ ) Rock/ Heavy Metal

Photo : Overdrive.ie
Rock တို့ Heavy Metal တို့ ပြောလိုက်ရင် ဝုန်းဝုန်းဒိုင်းဒိုင်းဆန်တယ် ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းစွာ တွေ့ရှိထားတဲ့အချက်ကတော့ Rock ဂီတချစ်သူတွေဟာ တည်ငြိမ်အေးဆေးတဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်လေ့ရှိတယ်ဆိုတာပါပဲ။ ဆီနဲ့ရေလိုဖြစ်နေတဲ့ Pop နဲ့ Rock ဟာ ဂီတသံစဥ်တွေသာမက နားထောင်သူတွေရဲ့ စိတ်နေစိတ်ထားပါ ပြောင်းပြန်ဖြစ်နေတတ်ပါတယ်။ ဘာလို့ဆို Rock ဂီတချစ်သူတွေဟာ တစ်ကိုယ်တည်းအေးဆေးနေရတာကြိုက်တဲ့ introvert တွေဖြစ်နေလို့ပါပဲ။
(၅) Hip Hop

Photo : XXL Mag
Hip Hop ဂီတဟာ တက်ကြွတဲ့တေးသွား၊ မြန်ဆန်ထိရှတဲ့စာသားတွေကို ပေါင်းစပ်ပြီး တင်ဆက်လေ့ရှိတာကြောင့် Hip Hop ဂီတချစ်သူတွေကို အကဲဆတ်ပြီးချေပတတ်သူတွေလို့ထင်တတ်ကြပေမဲ့ တကယ်တော့ Hip Hop Fan တွေဟာ ဖော်ရွေပြီးလူဝင်ဆံ့တဲ့ Extrovert အမျိုးအစားထဲ ပါလေ့ရှိကြပါတယ်။ Pop Fan တွေလိုပဲ လူအများနဲ့သွားလာလှုပ်ရှားရတာကြိုက်တတ်ကြတဲ့အပြင် ကိုယ်ရည်ကိုယ်သွေးနဲ့ ယုံကြည်မှုမြင့်မားတတ်သူများဖြစ်လေ့ရှိပါတယ်။
Featured Photo : Freepik
