လူကာ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းက အက်သလက်တစ် ဘီလ်ဘာအိုကို တနင်္ဂနွေနေ့ညနေက ၂-၀ နဲ့ အနိုင်ရရှိပြီး စပိန်စူပါဖလားကို ရရှိခဲ့တဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
Photo: Marca
ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်က လူကာ မိုဒရစ်ဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ၎င်းရဲ့ ကမ္ဘာ့အဆင့်ခြေစွမ်းကို ပြသခဲ့ပြီးနောက် ဘလွန်ဒေါဆုကို ဒုတိယအကြိမ်မြောက် ရရှိနိုင်တယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ခရိုအေးရှားကွင်းလယ်ဖန်တီးရှင်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကြောက်မက်ဖွယ် စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးနောက် France Football ရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာလ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အသက် ၃၇ နှစ် ပြည့်မြောက်တော့မှာဖြစ်ပေမယ့်လည်း မိုဒရစ်ရဲ့ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ပွဲစဉ်အတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ပြသခဲ့တဲ့ ခြေစွမ်းအရ ကမ္ဘာ့အဆင့် ခြေစွမ်းရှိနေဆဲဆိုတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
Photo: 90Min
ကြွားလုံးထုတ်ချင်တာမဟုတ်ပေမယ့် သူတို့တွေက သူတို့နေရာမှာတော့ အကောင်းဆုံးကစားသမား ၂ ဦးပါ။ ကော်တိုရစ်က ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်ပြီး မိုဒရစ်က ဘလွန်ဒေါဆုကို နောက်တစ်ကြိမ် ရဖို့ ထိုက်တန်တဲ့ အလွန်ကောင်းမွန်တဲ့ပုံစံမှာ ရှိနေတဲ့ ကစားသမားပါ”လို့ ပီးရက်ဇ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
လူကာ မိုဒရစ်ရဲ့ ယခုရာသီ ဘောလုံးပေးပို့ရာမှာ တိကျမှုက ၉၀.၄၁ ရာခိုင်နှုန်းအထိ ရှိနေပြီး ပြိုင်ဘက်အသင်းကွင်းဘက်ခြမ်းမှာဆိုရင်တောင် ၈၉.၀၃ ရာခိုင်နှုန်းရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ယခုရာသီမှာ အသင်းဖော်တွေအတွက် ကြီးမားတဲ့အခွင့်အရေး ၈ ကြိမ်အထိ ဖန်တီးနိုင်ခဲ့ပြီဖြစ်ပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားတဲ့ မိုဒရစ်ဟာ တနင်္ဂနွေနေ့က စပိန်စူပါဖလားရရှိခဲ့တဲ့ပွဲစဉ်မှာလည်း ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
Featured Photo: BFN UK