အားကစားလောကဟာ ဝါသနာအခြေပြု ကြီးပွားရေးလမ်းကြောင်းတစ်ခုလို့ ပြောနိုင်ပါတယ်။ အားကစားဘက်မှာ ထူးချွန်ပြီး ထိုက်ထိုက်တန်တန် ချီးမြှင့်တဲ့ကလပ်အသင်းတွေကို ရောက်သွားတဲ့ ကစားသမားတွေဟာ မီလျံနာတွေ ဖြစ်လာပြီး Luxury Life နဲ့ သာသာယာယာနေသွားနိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ၂၀၂၁ အတွက် သန်းကြွယ်သူဌေးတွေဖြစ်နေကြတဲ့ ကမ္ဘာ့လုပ်ခလစာအမြင့်ဆုံးအားကစားသမား ၅ ဦးအကြောင်း ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

(၁) ကော်နာမက်ဂရီဂေါ်

McGregor

Photo: CBS Sports

ကမ္ဘာကျော် Mixed Martial Arts (MMA) ကစားသမား UFC Fighter မက်ဂရီဂေါ်ဟာ လက်ရှိ အားကစားသမားတွေထဲမှာ ဝင်ငွေအကြမ်းဆုံးအားကစားသမား ဖြစ်တယ်လို့ Forbes က ဖော်ပြပါတယ်။ မက်ဂရီဂေါ်ဟာ တစ်နှစ်တစ်နှစ် လက်ဝှေ့ကြိုးဝိုင်း ကွင်းတွင်း ဝင်တဲ့ (On-The Field) ဝင်ငွေ ဒေါ်လာ ၂၂ သန်းနဲ့ ကွင်းပြင်ပကနေ ရတဲ့ဝင်ငွေ ဒေါ်လာ ၁၅၈ သန်းရှိတယ်လို့ ဆိုပါတယ်။ မက်ဂရီဂေါ်ဟာ အိုင်းရစ်ဝီစကီလုပ်ငန်း Proper No မှာလည်း အဓိက အစုရှယ်ယာရှင်တစ်ဦး ဖြစ်ပါတယ်။

(၂) လိုင်ယွန်နယ် မက်ဆီ

Lionel Messi

Photo: Bleacher Report

ကမ္ဘာကျော် ဘောလုံးသမား လိုင်ယွန်နယ်မက်ဆီဟာ ကွင်းတွင်း ဝင်ငွေ ဒေါ်လာ ၉၇ သန်းအထိ ရရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်ပစီးပွားရေး အနေနဲ့ သူ့ရဲ့ တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ ၃၃ သန်း ရှိတာကြောင့် စုစုပေါင်း ဒေါ်လာ သန်း ၁၃၀ နဲ့ ကမ္ဘာ့ဒုတိယဝင်ငွေအမြင့်ဆုံး အားကစားသမားအဖြစ် ဖော်ပြခံရပါတယ်။ မက်ဆီမှာ ကိုယ်ပိုင် စီးပွားရေးအနေနဲ့ Messi Store ဆိုတဲ့ လက်လီအဝတ်အစားဖက်ရှင်စတိုးတစ်ခု ဖွင့်ထားပြီး Adidas နဲ့လည်း တစ်သက်တာ စာချုပ်ချုပ်ဆိုမှုတွေ ရှိပါတယ်။

(၃) ခရစ္စတီယာနို ရော်နယ်ဒို

Cristiano Ronaldo

Photo: Financial Times

ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိပြီး ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ပေါ်တူဂီဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဘောလုံးအားကစားကနေ တစ်နှစ် ဒေါ်လာ သန်း ၇၀ နဲ့ ကွင်းပြင်စီးပွားရေးလုပ်ငန်းတွေကနေ ဒေါ်လာသန်း ၅၀ စုစုပေါင်း တစ်နှစ် ဒေါ်လာသန်း ၁၂၀ အထိ ဝင်တယ်လို့ ဆိုပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ CR7 အမှတ်တံဆိပ် အဝတ်အစား ၊ အသုံးအဆောင် ၊ ဟိုတယ်နဲ့ Gyms ရုံတွေ ပိုင်ဆိုင်ထားတဲ့အပြင် Nike နဲ့လည်း Lifetime Deal လုပ်ထားပါတယ်။

(၄) ဒက်ခ် ပရီစကော့တ်

Dak Prescott

Photo: NFL

၂၀၂၁ အတွက် စတုတ္ထမြောက် ဝင်ငွေအမြင့်ဆုံးအားကစားသမားကတော့ အမေရိကန်အမျိုးသားဘောလုံးအသင်း NFL အသင်းတစ်ခု ဖြစ်တဲ့ Dallas Cowboys အသင်းသား ဒက်ခ် ပရီစကော့တ်ဖြစ်ပါတယ်။ ပရီစကော့တ်ဟာ Cowboys အသင်းနဲ့ ဒေါ်လာသန်း ၁၆၀ တန် လေးနှစ် စာချုပ်ချုပ်ထားပြီး စာချုပ်လက်မှတ်ထိုးခ ဒေါ်လာ ၆၆ သန်းရထားပါတယ်။ ကွင်းတွင်းဝင်ငွေ ဒေါ်လာ ၉၇.၅ သန်းအထိ ဝင်ပြီး ကွင်းပြင်စီးပွားရေးတွေကနေ ဒေါ်လာ ၁၀ သန်းအထိ ဝင်တာကြောင့် ပရီစကော့တ်ရဲ့ တစ်နှစ် ဝင်ငွေဟာ ဒေါ်လာ ၁၀၇.၆ သန်းအထိ ရှိပါတယ်။

(၅) လီဘရွန် ဂျိမ်းစ်

LeBron James

Photo: Bloomberg

နာမည်ကျော် ဘက်စကတ်ဘောကစားသမား လီဘရွန် ဂျိမ်းစ်ဟာ ကွင်းတွင်း ဒေါ်လာ ၃၁.၅ သန်း ၊ ကွင်းပြင် ဒေါ်လာ ၆၅ သန်း စုစုပေါင်း တစ်နှစ်ဝင်ငွေ ဒေါ်လာ ၉၆.၅ သန်း ဝင်တဲ့ အားကစားသမားတစ်ဦးဖြစ်တယ်လို့ Forbes က ဖော်ပြပါတယ်။ အားကစားပြင်ပ စီးပွားရေးအနေနဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီ SpringHill Entertainment နဲ့ Uninterrupted ဆိုတဲ့ မီဒီယာကုမ္ပဏီတစ်ခုလည်း ပိုင်ဆိုင်ထားပါတယ်။

Featured Photo: CBS Sports