မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ဟာရီ မက်ဂွိုင်းယားအနေနဲ့ အင်္ဂလန်၊ မန်ယူနိုက်တက်တို့နဲ့အတူ အလုပ်များတဲ့နှစ်တစ်နှစ်ကို ကျော်ဖြတ်ခဲ့ရပြီးနောက် အနားယူဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Manchester United Captain Harry Maguire

Photo: beINSPORT

အင်္ဂလန်နောက်ခံကစားသမားဟာ ယခုရာသီ ကလပ်အသင်းအဆင့်မှာ ဆိုးရွားတဲ့အချိန်တွေကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ နမော်နမဲ့နိုင်တဲ့ ကစားပုံကြောင့် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးမှာတော့ ဝက်ဖို့ဒ်ကို ၄-၁ နဲ့ရှုံးနိမ့်သွားခဲ့တဲ့အတွက် နောက်တစ်နေ့မှာပဲ နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဖာဒီနန်က အင်္ဂလန်နောက်ခံကစားသမားအနေနဲ့ အနားယူပြီး ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ဝေးရာမှာ နေဖို့ လိုအပ်တယ်လို့ ၎င်းရဲ့ FIVE YouTube ချန်နယ်မှာ ပြောကြားခဲ့ပါတယ်။ “ဟာရီက ဒီစကားကို ကြားချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတရံကျရင် ခင်ဗျား ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ဝေးတဲ့နေရာမှာ နေဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့မှာ ရှည်လျားတဲ့ နွေရာသီကို ကျော်ဖြတ်ခဲ့ရပြီး အင်္ဂလန်နဲ့အတူ အဆင့်တခုအထိ အောင်မြင်မှုရခဲ့တယ်။ သူ ပွဲတွေ အများကြီး ကစားခဲ့ရပြီး ယူနိုက်တက်ကို ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ခြေကုန်လက်ပမ်းကျနေတဲ့ပုံပေါ်ပါတယ်”

Harry Maguire

Photo: 90Min

ဖာဒီနန်က မကြာသေးမီ ပွဲစဉ်တွေက ဟာရီ မက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည်ဟာ ရှိသင့်တဲ့ အဆင့်အတန်းတစ်ခုမှာ ရှိမနေခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ “သူ့ရဲ့ ပြဿနာတွေကို လူတွေ မေ့သွားအောင် သူ မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်လည်း မလုပ်နိုင်ပါဘူး။ ကျွန်တော်ကတော့ ကိုယ့်ဘာသာ ကြိုးစားကစားပြီး အဲဒါကို ဖြတ်ကျော်မှာပါ။ ဒါပေမယ့် အခုအချိန်မှာ သူ့ရဲ့ စွမ်းဆောင်ရည်က သူ့အတွက်ရော မန်ယူနိုက်တက်အတွက်ပါ ရှိဖို့လိုတဲ့အဆင့်အတန်းမှာ ရှိမနေခဲ့ပါဘူး။ သူ့ဘာသာ သတ်မှတ်ထားတဲ့ အဆင့်အတန်းက လိုအပ်တဲ့အဆင့်အတန်းမှာ မရှိခဲ့ပါဘူး။ အဲဒါကို ဂယ်ရီ နဗီး ဟိုတစ်နေ့က ပြောတာ ကျွန်တော်ကြားခဲ့တယ်”

“သူက အင်္ဂလန်နဲ့ မန်ယူနိုက်တက်အတွက် နွေရာသီ ၃ ခု ဒါမှမဟုတ် ၄ ခု ဘောလုံးကစားပေးခဲ့ပြီးနောက် အိပ်မက်ဆိုးတွေ မက်နေခဲ့ပြီး အနားယူဖို့ အချိန်လိုအပ်နေပါတယ်။ ဟာရီ မက်ဂွိုင်းယားက အခုနားရမယ့်အချိန်မှာ ရှိနေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ကျွန်တော်တော့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportskeeda