HIV ရောဂါပိုးဆိုတာ ကိုယ်ခံအားစနစ်ကို အဓိကတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်တာကြောင့် ပိုးကူးစက်ခံရပြီးနောက်မှာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင်နေထိုင်ဖို့ အရေးကြီးပါတယ်။ HIV ဗိုင်းရပ်စ်ပိုးဟာ ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ CD4 Lymphocytes သို့မဟုတ် T Cells လို့ခေါ်တဲ့ အရေးကြီးဆဲလ်တွေကို သေစေတာ ဖြစ်ပါတယ်။ HIV ပိုးရှိသူတွေမှာ T Cells အရေအတွက်ဟာ အန္တရာယ်ရှိလောက်တဲ့အဆင့်အထိ အလွန်နည်းပါးပြီး Acquired Immunodeficiency Syndrome သို့မဟုတ် AIDS လို့ခေါ်တဲ့ ခုခံအားကျဆင်းမှုရောဂါဆီ ဦးတည်သပါတယ်။ ဒါကြောင့် HIV ပိုးကူးစက်ခံရရင် သေချာစွာ ကုသမှုကိုခံယူဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာတော့ HIV ပိုးကူးစက်ခံထားရသူတွေအနေနဲ့ ကျန်းမာအောင် ဘယ်လိုမျိုးနေထိုင်သင့်လဲဆိုတဲ့ လမ်းညွှန်ချက်တွေကို ပြောပြပေးပါမယ်။
(၁) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပါ
Photo : Everyday Health
HIV ပိုးကူးစက်ခံရပြီးနောက်မှာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ဖို့ အစာအာဟာရဟာ အရမ်းကို အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို လုံလောက်အောင်စားပေးခြင်းဖြင့် ကွီးတို့ရဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ အသီးအနှံ ၊ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကို ပြည့်စုံမျှတအောင် စားသုံးပေးသင့်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လုံလုံလောက်လောက် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။
(၂) အရက်နဲ့ မူးယစ်ဆေး သုံးစွဲမှုကို ရှောင်ရှားပါ
Photo : Everyday Health
မူးယစ်ဆေးဝါးနဲ့ အရက်အလွန်အကျွံ သုံးစွဲခြင်းဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အရက်နဲ့ မူးယစ်ဆေး သုံးစွဲမှုကြောင့် အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှု အပါအဝင် အခြားသော ဘေးထွက်ဆိုးကျိုးတွေ များစွာကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ HIV ပိုးစက်ခံထားရချိန်မှာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်နေအောင် ထိန်းသိမ်းဖို့က အလွန်အရေးကြီးတာကြောင့် အရက်နဲ့ မူးယစ်ဆေး သုံးစွဲခြင်းကို ရှောင်ကြဉ်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။
(၃) ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ပါ
Photo : Everyday Health
လေ့လာမှုတွေအရ HIV ပိုး ကူးစက်ခံထားရသူတွေမှာ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ပိုပြီး ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ HIV/AIDS ရှိသူအများအပြားမှာ ပါးစပ်ခြောက်ခြင်းကို ပိုခံစားရကြပြီး ပါးစပ်နဲ့ ခံတွင်းတဝိုက်မှာ ခံတွင်းကြွက်နို့ ၊ အရေကြည်ဖုတွေနဲ့ ခံတွင်းမှက္ခရု ကဲ့သို့ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေ ကြုံတွေ့ရနိုင်ပါတယ်။ အကောင်းဆုံးကတော့ အနည်းဆုံး ၆ လတစ်ကြိမ် သွားကျန်းမာရေးကို ပုံမှန်စစ်ဆေးမှု လုပ်ပေးသင့်ပါတယ်။
(၄) စိတ်ဖိစီးမှု နည်းအောင် နေထိုင်ပါ
Photo : Everyday Health
HIV ပိုးနဲ့အတူ ကျန်းမာအောင် နေထိုင်ခြင်းရဲ့ကုသမှုအပိုင်းမှာ အရေးပါဆုံး ပါဝင်နေတဲ့ တစ်စိတ်တစ်ပိုင်းကတော့ စိတ်ဖိစီးမှု နည်းနိုင်သမျှ နည်းသထက်နည်းအောင် ပြုမူနေထိုင်ခြင်းပါ။ စိတ်ဖိစီးမှုနဲ့ ကိုယ်ခံအားစနစ်ဟာ ဆက်စပ်နေပြီး စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းခြင်းမရှိရင် အစားချင်စိတ် ၊ အိပ်စက်မှုပုံစံနဲ့ နေ့စဉ်ဘဝထဲက ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေအပေါ် ကြီးကြီးမားမား အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
Source : Everyday Health
Featured Photo : Everyday Health