ရုပ်ရှင်ဆိုတာ ရယ်အောင် လုပ်နိုင်သလို ငိုအောင်လည်း ပြုစားတတ်တဲ့ အနုပညာတစ်ခုပါ။ ရုပ်ရှင်ကားတွေကြည့်ပြီး ကျွန်တော်တို့မှာ စိတ်အားတက်ရ ၊ ကြေကွဲဝမ်းနည်းရ ၊ ထိတ်လန့်ရင်ခုန်ရနဲ့ ခံစားချက်အမယ်စုံကို တပြုံကြီး ခံစားရမြဲပါ။ ဒါကြောင့်ပဲ ရုပ်ရှင်ကို လူတိုင်း ပါဝင်ခံစားနိုင်တဲ့အနုပညာတစ်ရပ်အဖြစ် ညွှန်းဆိုကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ ညွှန်းမယ့်ရုပ်ရှင်တွေကတော့ စိတ်ဓါတ်ကျတဲ့အခါ ခွန်အားဖြစ်စေအောင် စွမ်းဆောင်နိုင်တဲ့ရုပ်ရှင်အမျိုးအစားတွေပါပဲ။
(၁) The Shawshank Redemption (1994)
Photo: mentalfloss
ခေတ်အဆက်ဆက် အကောင်းဆုံးရုပ်ရှင်အဖြစ် ဖော်ပြခံရတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားကတော့ Shawshank Redemption ဖြစ်ပါတယ်။ ဒီရုပ်ရှင်က အပြစ်မလုပ်ဘဲနဲ့ ရှောရှန့်ခ်ထောင်ကြီးထဲ ၁၉ နှစ်ကြာ အကျဉ်းစံခဲ့ရတဲ့ ဘဏ်လုပ်ငန်းရှင် အန်ဒီဒူးဖရန့်စ်ဆိုသူအကြောင်းပါ။ ရှောရှန့်ခ်ထောင်ထဲက ဇာတ်လမ်းတချို့နဲ့ မိတ်ဆွေဖြစ်မှုအကြောင်းအပြင် စိတ်ဝင်စားစရာ ဇာတ်လမ်းနဲ့ နောက်ခံစကားပြောမှုကိုပါ ကြည့်ရှုခံစားရမှာပါ။ တကယ်တော့ The Shawshank Redemption ဟာ ယုံကြည်မှု ၊ မျှော်လင့်ချက် ၊ သံယောဇဉ်နဲ့ စွဲမြဲခိုင်ကျည်တဲ့ ဇွဲစတဲ့ အချက်တွေကို အနုပညာပါပါ တင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။
(၂) Rocky (1976)
Photo: Esquire
ဒီရုပ်ရှင်ကို လက်ဝှေ့ဇာတ်လမ်းအဖြစ် လူပြောများပါတယ်။ ရော့ကီဘယ်လ်ဘိုအာဆိုတဲ့ အညတရဘောက်ဆင်တစ်ယောက်ကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ ရော့ကီဆိုတဲ့ နာမည်ဟာ သူ့ရဲ့ အနိုင်မခံစိတ် ၊ ရုန်းကန်မှုနဲ့ အားထုတ်ကြိုးစားမှုတွေကို ထင်ဟပ်စေတဲ့နာမည်ပါ။ ဒီရုပ်ရှင်ဟာ ဆီဗက်စတာ စတားလုံးကို ကမ္ဘာကျော်စေခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို ဇာတ်လမ်းထဲက ရော့ကီကိုလည်း ကမ္ဘာက သိစေခဲ့တဲ့ ဇာတ်လမ်းပါပဲ။
(၃) 127 Hours (2010)
Photo: 20th Century Studio
လက်ဖြတ်လိုက်ရမလား ၊ အသေခံရမလား အခြေအနေမှာ တစ်ခုခု ရွေးပါဆိုရင် ဘာကို ရွေးမလဲ။ 127 Hours ရုပ်ရှင်မှာ အာရွန်ရယ်ဆန်ရဲ့ ဆုံးဖြတ်ချက်ကို ကြည့်သင့်ပါတယ်။ တစ်ကိုယ်တော် တောင်တက်သမား အာရွန်ဟာ ငါးရက်လုံးလုံး ဘယ်သူ့ကိုမှ အကူအညီတောင်းမရဘဲ ပိတ်မိနေခဲ့ပါတယ်။ ဒါဟာ ခေတ်သစ်ရှင်သန်ရေးဇာတ်လမ်းတစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ဘယ်လောက်အကျပ်အတည်းကြုံပါစေ လမ်းရှာတတ်ဖို့ စိတ်ခွန်အားပေးသလို ဘဝမှာ ကိုယ်ရတာကို ဝမ်းသာတတ်ဖို့ပါ သင်ကြားပေးပါလိမ့်မယ်။
(၄) Into The Wild (2007)
Photo: Backpack Me
Into The Wild ရုပ်ရှင်ကတော့ နာမည်အတိုင်း လွတ်မြောက်ရာကို ရှာဖွေတဲ့ဇာတ်လမ်းပါပဲ။ “ကျွန်တော် အသက်မွေးဝမ်းကြောင်းတွေကို အယုံအကြည်မရှိဘူး မစ္စတာ ဖရန့်ဇ်။ အဲ့ဒါတွေက ၂၀ ရာစုရဲ့ တီထွင်ချက်တွေလို့ ထင်တယ်”လို့ ဇာတ်လိုက် ခရစ္စတိုဖာ မက်စ်ကန်ဒဲလက်စ်က ပြောခဲ့ပါတယ်။ နောက်တော့ သူပြောတဲ့အတိုင်း လစာကောင်းတဲ့ အားကစားသမားဘဝကို စွန့်ခွာပြီး အလက်စကန်တောထဲမှာ တစ်ကိုယ်တော်ဘဝကို ရွေးချယ်သွားခဲ့ပါတယ်။ ကိုယ့်ဘဝအကြောင်း အလေးအနက် ပြန်တွေးမိစေမယ့် ရုပ်ရှင်လို့ ပြောချင်ပါတယ်။
(၅) Schindler’s List (1993)
Photo: MovieBabble
ဟစ်တလာခေတ်ကောင်းချိန်က ဂျူးတွေကို လူမျိုးသုဉ်းသတ်ဖြတ်ဖို့ စနစ်တကျစီစဉ်ခဲ့ပါတယ်။ ဒီရုပ်ရှင်က အဲ့ဒီလို လူမျိုးသုဉ်းသတ်တဲ့ခေတ်ကြီးထဲက တကယ့်သူရဲကောင်းစစ်စစ်တစ်ယောက်ရဲ့ ရုပ်ပုံလွှာအကြောင်း ဖြစ်ပါတယ်။ အော်စကာရှင်းဒလားဆိုတဲ့ စက်မှုလုပ်ငန်းရှင်ဟာ သူ့စက်ရုံက ဂျူးလုပ်သားတွေကို ကယ်ထုတ်ခဲ့ပါတယ်။ အစက သူ့အကျိုးအတွက် လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အပြစ်မဲ့တဲ့အသက်တွေ ကယ်တင်ဖို့ ဖြစ်လာခဲ့ပါတယ်။
စစ် ၊ လူသားဆန်မှုနဲ့ ဘဝတွေအကြောင်းကို ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်က ခြယ်မှုန်းပြီး မင်းသားကြီး လီယန်နယ်ဆင် ၊ ဘန်ကင်းစ်တို့က အပိုင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်က အပြင်လောကမှာ တကယ်ရှိတဲ့ အော်စကာရှင်းဒလားအကြောင်းကို ပြန်ရိုက်ထားတာပါ။ ရှင်းဒလားဟာ အသက် ၆၆ နှစ်အရွယ် ၁၉၇၄ ခုနှစ်မှာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
Featured: Photo: 20th Century Studio