ခရီးလွန်ပြီး နေလောင်ဒဏ်ကိုခံစားနေရတဲ့ ကွီးတွေရှိပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကကွီးတို့အတွက် ကွက်တိဖြစ်နေစေမှာပါ။ အစာလဲဆေး၊ဆေးလဲအစာ ဆိုတဲ့စကားအတိုင်းပဲ ကျွန်တော်တို့အတွက် အစားစာများချက်ပြုတ်ရာ မီးဖိုချောင်ဟာ အိမ်တွင်းဆေးဆရာလို့ ဆိုလျှင်လည်း မှားမယ်မထင်ဘူးဗျ။

ဟင်းချက်ရင်သုံးတဲ့ မုန့်ဖုတ်ဆိုဒါကနေ ရှားစောင်းလက်ပတ်စသည်တို့သည် အစာအာဟာရအဖြစ်သာမက အသားရေအတွက်ဆေးမြီးတိုများအဖြစ်ပါ မှီဝဲနိုင်ပါတယ်။ ကဲဒီတော့ Facial spaတွေသွားစရာမလိုပဲ ကိုယ့်အိမ်မှာတင်နေလောင်ထားတဲ့အသားရေအတွက် အကောင်းဆုံး Treatment ပေးနိုင်မယ့် နည်းလမ်းများကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ရေအေးနဲ့ပဲချိုးပါ

Source: Fit&Well

နေလောင်ထားတဲ့အသားရေအတွက် အကောင်းဆုံးနဲ့အလွယ်ဆုံးကုသပေးနိုင်တာကတော့ ရေအေးပဲဖြစ်ပါတယ်။ အရမ်းအေးစက်နေစရာမလိုပဲ အနေတော်လောက်အေးတဲ့ရေအေးနဲ့ချိုးပေးခြင်းဖြင့် အသားရေအတွက်လိုအပ်တဲ့အစိုဓာတ်ကိုထိန်းသိမ်းပေးပါတယ်။ နေလောင်ခံထားရတဲ့အသားရေဟာ အထိအခိုက်လွယ်လို့ Scrubမသုံးမိဖို့တော့အထူးသတိပြုပါ။ ရေချိုးပြီးလျှင်လဲ တပတ်နဲ့ဖိသုတ်တာမျိုးမလုပ်ပဲ အသာအယာသုတ်ပေးပါ။

(၂) ရေခဲကပ်ပေးပါ

ရေခဲကိုတပတ်ထဲထည့်ပြီး နေလောင်နေသောနေရာမှာ ၁ဝမိနစ်၊၁၅မိနစ်ခြားစီ ကပ်ပေးပါ။ ပျောက်ချင်ဇောများပြီး ရေခဲတုံးနဲ့အသားနဲ့တိုက်ရိုက်ကပ်ခြင်းမျိုးတော့ အထူးသတိပြုပါ။ ဘာလို့ဆို ရေခဲကချွေးပေါက်တွေကိုပိတ်စေတာကြောင့် အပေါ်ယံအရေပြားကိုကျုံ့စေပြီး အသားရေပိုပျက်စီးစေနိုင်လို့ပဲဖြစ်ပါတယ်။

(၃) ရှားစောင်းလက်ပတ်ကပ်ပေးပါ

အိမ်တွင်းဆေးမြီးတိုထဲမှာ နာမည်ကျော်ပုဂ္ဂိုလ်ဖြစ်တဲ့ ရှားစောင်းလက်ပတ်ကတော့ တကယ်မပါမဖြစ်ပါပဲ။အခွံခွါပြီးအထဲကအနှစ်ကို နေလောင်တဲ့နေရာကိုကပ်ပေးခြင်းက နေလောင်ဒဏ်ကိုသိသိသာသာ သက်သာစေပြီး အသားရေရဲ့အစိုဓာတ်ကိုဖြည့်တင်းပေးတဲ့နေရာမှာ သူမတူတဲ့ဆရာတစ်ဆူပါပဲ။ အပင်မရှိလဲနီးစပ်ရာဆေးဆိုင်များမှ ရှားစောင်းလက်ပတ်နဲ့ထုတ်ထားတဲ့ Gel ကိုရှာဝယ်လို့ရပါတယ်။

(၄) ပျားရည်လိမ်းပါ

အိီဂျစ်ခေတ်ထဲက လက်စွဲအသုံးပြုလာကြတဲ့ ပျားရည်ကိုလဲချန်ထားခဲ့လို့မရပါဘူး။ ပျားရည်ဟာအနာကျက်မြန်စေခြင်း၊ ပိုးဝင်ခြင်းမှကာကွယ်နိုင်ခြင်း၊ နာကျင်မှုကိုလျော့ကျစေခြင်း စသောဂုဏ်သတ္တိများကြွယ်ဝတဲ့ သဘာဝရဲ့ဆေးတစ်လက်ပါ။ ဒါကြောင့်နေလောင်ဒဏ်ခံစားနေရရင် သဘာဝပျားရည်ကိုသာလိမ်းပေးလိုက်ပါ။

Featured Photo:  Healthline