မျက်နှာအသားအရေက ခြောက်သွေ့နေလို့ စိတ်ညစ်နေပါသလား။ ယောကျာ်းလေးအများစုက အသားအရေ ထိန်းသိမ်းမှုပိုင်းဆိုင်ရာမှာ အားနည်းတတ်ကြပါတယ်။ မိန်းကလေးတွေလိုပဲ မျက်နှာပေါင်းတင်ဖို့အတွက် အချိန်မပေးချင်ကြသလို စိတ်လည်း မရှည်ကြပါဘူး။ ကြာလာတဲ့အခါ အသားအရေက တစ်စထက် တစ်စ ပျက်စီးယိုယွင်းလာပြီး ကြည့်ပျော်ရှုပျော်မဖြစ်တော့ပါဘူး။
ထိုအခြေအနေမှ ကာကွယ်ချင်တယ်၊ ကိုယ့်ရဲ့ခြောက်သွေ့တဲ့မျက်နှာကို စိုပြေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို တစ်ပတ် ၂ ကြိမ်ခန့် အနည်းဆုံး ပြုလုပ်ပေးရပါမယ်။ တဖြည်းဖြည်းနဲ့ အကျင့်လုပ်ပေးမယ့်ဆိုရင် ကျင့်သားရသွားပြီး အသားအရေအတွက် အချိန်ပေးဖြစ်လာပါလိမ့်မယ်။
သခွားသီးနှင့် ပေါင်းတင်ပါ

Photo Source: Creationsbykara.com
သခွားသီး တစ်ပိုင်းကို အခွံခွာပြီး အတုံးသေးသေးလေးတုံးကာ သစ်သီးဖျော်စက်ဖြင့် ကြိတ်ချေလိုက်ပါ။ ရရှိလာတဲ့ သခွားသီးအနှစ်များကို သကြား စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲ အအေးခံထားလိုက်ပါ။ အေးသွားပြီဆိုရင်တော့ မျက်နှာပေါ် သုတ်လိမ်းကာ ၁၀ မိနစ်ခန့် ပေါင်းတင်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေအေးဖြင့် မျက်နှာသစ်လိုက်လို့ရပါပြီ။
ဒီမျက်နှာပေါင်းတင်နည်းကိုတော့ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။
ကြက်ဥအကာနှင့် ပျားရည်ဖြင့် ပေါင်းတင်ပါ

Photo Source: Listinspired.com
ကြက်ဥအကာတစ်လုံးကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းဖြင့် သမအောင် မွှေခလောက်လိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ သုတ်လိမ်းကာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ခြောက်အောင် စောင့်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မျက်နှာသစ်ချလိုက်လို့ရပါပြီ။ ဒီပေါင်းတင်နည်းကို တစ်ပတ် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။
ငှက်ပျောသီးနှင့် သံလွင်ဆီဖြင့် ပေါင်းတင်ပါ

Photo Source: Punicamakeup.com
ငှက်ပျောသီးမှည့် တစ်ဝက်ကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ ၁၀ မိနစ်ခန့်ကြာမှ မျက်နှာသစ်ချလိုက်ပါ။ ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။
ဖရဲသီးနှင့် ပေါင်းတင်ပါ

Photo Source: Misskyra.com
ဖရဲသီးကို အရည်ရအောင် ညှစ်လိုက်ပါ။ ရရှိလာတဲ့ ဖရဲသီးအရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ မျက်နှာသစ်လိုက်ပါ။ ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ်လျှင် တစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။
ရှားစောင်းလက်ပတ်ဂျယ်လ် အသုံးပြုပါ

Photo Source: Thehealthsite.com
ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၂ ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပြီးနောက် ၁၅ မိနစ်ခန့် ထားထားပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပေါင်းတင်နိုင်ပါတယ်။
Source: Stylecraze.com
