ရေမွှေးဆွတ်လေ့ရှိတယ်ဆိုရင် အခုပြောမယ့် အမှားတချို့ကို လူတော်တော်များများ လုပ်မိတတ်ပါတယ်။ ရှောင်ကြဉ်ရမယ့် အချက်တွေဖြစ်လို့ မျှဝေလိုက်ရပါတယ်။

(၁) Over-Spraying

Photo: Freepik

အများဆုံး မှားတတ်တာက ရေမွှေးကို လိုတာထက် ပိုပြီး ဆွတ်မိကြတာပဲ ဖြစ်ပါတယ်။ ရေမွှေးနံ့ဆိုတာ ကိုယ်နံ့ကို သင်းပျံ့ရုံလွှမ်းခြုံထားတာမျိုးပဲ ဖြစ်သင့်တာပါ။ ရေမွှေးနံ့ စူးစူးပြင်းပြင်းကြီးကိုတော့ ဘယ်သူမှ သဘောမကျကြပါဘူး။ ဒါကြောင့် ရေမွှေးဆွတ်မယ်ဆိုရင် သင့်ရုံပဲ ဖြစ်ဖို့ ဂရုစိုက်ပါ။

(၂) နေရာမှားဆွတ်ခြင်း

Photo: Freepik

နောက်ထပ် မှားလေ့ရှိတဲ့ အချက်ပါပဲ။ ရေမွှေးဆိုတာ ခေါင်း ၊ ရင်ဘတ်နဲ့ ဒူးခေါက်ခွက်တွေမှာ ဆွတ်ရတဲ့အရာမဟုတ်ပါဘူး။ လက်ကောက်ဝတ် ၊ လည်ပင်းနဲ့ နားရွက်နောက် စတဲ့ Pulse Point တွေမှာပဲ ဆွတ်ရတာ ဖြစ်ပါတယ်။ ဒါမှ အနံ့လည်း ပိုထိရောက်သလို ကြာကြာလည်း ရေမွှေးနံ့ စွဲတာပါ။

(၃) အချိန်မှား သုံးခြင်း

Photo: Freepik

ရေမွှေးဘယ်အချိန် ဆွတ်သင့်သလဲဆိုရင် မွေးညင်းပေါက်တွေ ပွင့်ပြီး အသားအရေက အစိုဓါတ်ကောင်းကောင်း ရှိနေချိန်လို့ ပြောချင်ပါတယ်။ ဆိုလိုတာက ရေချိုးပြီးမှ ရေမွှေးဆွတ်ဖို့ပါ။ အဲဒီအချိန်က ရေမွှေးနံ့လည်း ပိုပြီး သင်းပျံ့သလို ထိရောက်မှုအရှိဆုံးလည်း ဖြစ်လို့ပါ။

(၄) ရေမွှေးဆွတ်ထားတဲ့ နေရာကို ပွတ်မိတာ

Photo: Freepik

ရေမွှေးဆွတ်ထားတဲ့ အရေပြားကို သွားပွတ်မိရင် အနံ့မော်လီကျူးလေးတွေ ပြိုကွဲပြီး အမြန်ပဲ မွှေးရနံ့တွေ ပြယ်သွားတတ်ပါတယ်။ ဒါကြောင့် ရေမွှေးဆွတ်ထားရင် လက်နဲ့ လျှောက်မပွတ်ပစ်ပါနဲ့လို့ ပြောချင်ပါတယ်။

(၅) အဝတ်တွေပေါ် ဆွတ်ဖြန်းမိတာ

Photo: Freepik

ရေမွှေးကို ကိုယ်ဝတ်ထားတဲ့ အဝတ်အစားပေါ် Spray မလုပ်သင့်တဲ့အကြောင်းရင်းက နှစ်ခု ရှိပါတယ်။ တစ်ခုက ရေမွှေးက အဝတ်အစားပေါ်မှာ အနံ့ကြာကြာ မစွဲလို့ပါ။ အလကား ဖြန်းတီးသလို ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ကြောင်းက အဝတ်အစားတွေ စွန်းထင်းပြီး ညစ်ပတ်ပေကျံသွားနိုင်လို့ ဖြစ်ပါတယ်။ အဝတ်အစားမှာ Spray ဆွတ်ချင်ရင် ဂျာကင်အတွင်းဘက် အခြမ်းမှာ ရေမွှေးဆွတ်နိုင်ပါတယ်။