သင်က ရေပူစမ်းတွေကိုသဘောကျတဲ့သူတစ်ဦးဆိုရင် ကမ္ဘာတဝှမ်းကအလှပဆုံးရေပူစမ်းတွေအကြောင်းကိုပြောပြပေးချင်ပါတယ်။ ရာစုနှစ်တလျှောက်မှာ ဓါတ်သတ္တုကြွယ်ဝတဲ့ရေတွေဟာ ရေကန်ထဲကိုသဘာဝအတိုင်းစုဝေး ရောက်ရှိပြီး Spa တွေလိုဖြစ်နေတဲ့ ရေပူစမ်းတွေနဲ့ လူတွေမွမ်းမံဖန်တီးပြီးပြုလုပ်ထားတဲ့ ရေပူစမ်းများစွာရှိတဲ့အထဲမှာ အခုပြောပြမယ့်နေရာ ၅ ခုကတော့ ကမ္ဘာတဝှမ်းလူကြိုက်များပြီးလှပတဲ့ ရေပူစမ်း ၅ခု အကြောင်းဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အောက်မှာဖတ်ကြည့်လိုက်ပါဦး။

(၁) Pamukkale ( တူရကီ )

ဝါဂွမ်းရဲတိုက်လို့အမည်ရတဲ့ အဆင့် ၇ ဆင့်ရှိတဲ့ Pamukkale ရေကန်ကြီးဟာ တူရကီမှာတည်ရှိပြီးတော့ နာမည်ကျော်ကြားလှတဲ့ ရေပူကန်တစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ Pamukkale ရေပူကန်မှာရေစိမ်တဲ့အခါ ၉၄ ဒီဂရီဖာရင်ဟိုက်အပူချိန်ရှိတဲ့ရေထဲမှာ ထုံးကျောက်ဓါတ်များစွာပါဝင်နေပြီး ကြည်လင်တဲ့ရေပြင်မှာ ကောင်းကင်ပုံရိပ်ထင်နေတဲ့အတွက် အလွန်လှပတဲ့ရှုခင်းကိုတွေ့ရမှာပါ။ ဒီ Pamukkale ရေပူကန်ကြီးဟာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ယူနက်စကိုအသိအမှတ်ပြုနေရာတစ်ခုဖြစ်တဲဲ့အပြင် ရှေးယခင်က ဘာသာရေးထုံးတမ်းအစဉ်အလာများနဲ့အတူ ရေကုထုံးအမျိုးမျိုးလုပ်ခဲ့ကြတဲ့နေရာလည်း ဖြစ်ပါတယ်။

(၂) Khir Ganga (အိန္ဒိယ)

အိန္ဒိယနိုင်ငံရဲ့Parvati ချိုင့်ဝှမ်းကနေဒီ လှပတဲ့ရေပူစမ်းကိုရောက်ဖို့ ၄နာရီကြာအောင် ကားမောင်းရပါတယ်။ ဒါပေမယ့် သင်အချိန်ပေးရတာနဲ့တန်အောင်ကို လှပတဲ့ ရေပူစမ်းတစ်ခုဖြစ်ပြီး ဟိန္ဒူနတ်ဘုရား Shiva နှစ်ပေါင်း ၃၀၀၀ ခန့်တရားထိုင်ခဲ့တဲ့နေရာလို့ အိန္ဒိယဒေသခံတွေပြောကြတဲ့ ဒီရေကန်ကြီးထဲမှာရေစိမ်ရင် ဟိမဝန္တာတောင်တန်းကြီးကိုလည်း မြင်ရမှာဖြစ်ပါတယ်။ ရေပူစိမ်ဖို့အတွက် အမျိုးသားရေကန်နဲ့ အမျိုးသမီးရေကန် ၂ကန်စီထားရှိပြီး အနီးအနားမှာလေ့လာစရာ Shiva ဟိန္ဒူဘုရားကျောင်းတစ်ခုလည်း ရှိပါတယ်။

(၃) Blue Lagoon (အိုက်စ်စလန်)

နောက်ထပ်နေရာတစ်ခုကတော့ အိုက်စ်စလန်နိုင်ငံမှာရှိတဲ့ Blue Lagoon ရေပြာအိုင်ဖြစ်ပါတယ်။ မြို့တော် Reykjavik ကနေ မိနစ် ၅၀ခန့်ကားမောင်းရတဲ့ ဒီရေပြာအိုင်ကြီးဟာ ရေထဲက တဝက်တပြက်ပေါ်နေတဲ့ အနက်ရောင်ချော်ကျောက်တွေ၊ ရေနွေးငွေ့လှိုင်းလုံးတွေနဲ့အတူ သင်ရောက်သွားတာနဲ့ တခြားကမ္ဘာတစ်ခုရောက်သွားသလို ခံစားရမှာပါ။ ရေပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်မှာရေစိမ်တာက သင့်ရဲ့စိတ်ကိုကြည်လင်စေတဲ့အပြင် သဘာဝရွံ့စေးတွေနဲ့ တွင်းထွက်ဆားတွေပါဝင်တဲ့အတွက် သင့်ရဲ့အသားအရည်ကိုပါ ကြည်လင်ချောမွေ့စေမှာပါ။

(၄) Chena Hot Springs (အလက်စကာ)

အလက်စကာရဲ့မြို့တော် Fairbanks ရဲ့ အရှေ့မြောက်မိုင် ၆၀ အကွာမှာတော့ Chena သဘာဝရေပူစမ်းနဲ့ အပန်းဖြေစခန်းတည်ရှိပါတယ်။ Chena ရေပူစမ်းကို ၁၉၀၅ ခုနှစ်ဝန်းကျင်က ရွှေတူးဖော်တဲ့ညီအကိုနှစ်ဦးက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သင်သွားရောက်လည်ပတ်တဲ့အခါ ကျောက်သားဝန်းရံထားတဲ့ကန်ထဲက သဘာဝအပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက်မှာ ရေစိမ်နိုင်မှာဖြစ်ပါတယ်။ မိုးလုံလေလုံအပန်းဖြေစခန်းနဲ့ ရေကူးကန်များပါဝင်တဲ့အပြင် တစ်နှစ်ပတ်လုံးဖွင့်လှစ်ထားတဲ့ Aurora ရေခဲပြတိုက်နဲ့ ဆီးနှင်းတန်ချိန် ၁၀၀၀ ကျော်ဖြင့်ပြုလုပ်ထားတဲ့ ရေခဲအရက်ဘားလဲရှိပါတယ်။

(၅) Huanglong National Park (တရုတ်)

နောက်ဆုံးတစ်ခုကတော့ စီချွမ်ပြည်နယ်ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ Huanglong ချိုင့်ဝှမ်းမှာရှိတဲ့ ရေပူစမ်းဖြစ်ပြီး ဒေသတစ်ခုလုံးကို ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်သတ်မှတ်ထားခြင်းခံရပါတယ်။ လှေကားထစ်သဏ္ဍန်ရှိတဲ့ ကြည်လင်တဲ့ရေကန်ငယ်တွေပေါင်းစပ်ထားပြီး ၂.၂မိုင်အထိရှည်လျားတဲ့အတွက် တောင်တန်းတွေကိုဖြတ်သန်းသွားနေတဲ့ နဂါးကြီးနဲ့တူတယ်လို့တင်စားပြောဆိုကြပါတယ်။ ဒါ့အပြင် ရေပူစမ်း၊ နှင်းဖုံးတောင်တန်းတွေနဲ့ လှပတဲ့ ပန်ဒါဝက်ဝံကြီးတွေကြောင့် လူသိများတဲ့နေရာဖြစ်ပြီး ကျောက်တောင်ထိပ်ပေါ်ကနေ ချိုင့်ဝှမ်းကျောက်ခင်းလမ်းတလျှောက်ရှုခင်းတွေကို ကေဘယ်ကားစီး နင်းကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။