ခရီးတွေ ပြန်ထွက်ခွင့်ရမယ်ဆိုရင် ပြည်တွင်းခရီးစဉ်တွေရော နိုင်ငံခြားခရီးစဉ်တွေပါ ထွက်ဖို့ စိတ်ကူးယဉ်နေတဲ့သူတွေ အများကြီးပဲ ရှိမှာပါ။ ခရီးထွက်ခြင်းက စိတ်သစ်လူသစ်ပြန်ဖြစ်စေနိုင်တယ် မဟုတ်လား။ အကြပ်အတည်း နဲ့ စိတ်ပင်ပန်းစရာတွေနဲ့ လုံးလားထွေးလား သတ်ပုတ်ခဲ့တဲ့ ကာလဆိုးကြီး လွန်မြောက်သွားလို့ အခွင့်ရှိရင် အခုပြောမယ့် နေရာတွေကို ခရီးသွားဖို့ စဉ်းစားသင့်ပါတယ်။

(၁) Azores Islands

Azores Islands, Portugal

Photo: bedandbreakfast

ပေါ်တူဂီနိုင်ငံ Algarve ဒေသမှာ ရှိတဲ့ အေဇိုးရက်ဇ် ကျွန်းတွေက အတ္တလန်တစ် သမုဒ္ဒရာထဲမှာ ရှိပြီး ကျွန်း ၉ ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုကြီး ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်တွေ မပျက်မစီးဘဲ အကောင်းအတိုင်း ကျန်နေတဲ့ ဒေသဖြစ်သလို ကမ္ဘာ့အကြီးဆုံး ဝေလငါးတို့ ဘေးမဲ့ပေးထားရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်က ပေါ်တူဂီဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နည်းတဲ့ နိုင်ငံလည်း ဖြစ်လို့ ရောဂါဘေးလည်း သိပ်စိုးရိမ်စရာရှိမှာ မဟုတ်ပါဘူး။

(၂) Batumi

Batumi

Photo: Expedia

ပင်လယ်နက်ကမ်းရိုးတန်းမှာ ရှိတဲ့ Batumi မြို့ဟာ ဂျော်ဂျီယာနိုင်ငံ အနောက်တောင်ပိုင်း ကော့ကေးဆပ်ခြေရင်းဘက်မှာ ရှိပါတယ်။ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပေမယ့် ကိုဗစ်အဖြစ်အနည်းဆုံး ဒေသထဲမှာ ပါပါတယ်။ Batumi ကို Black Sea ရဲ့ Las Vegas လို့ တင်စားကြပါတယ်။ သဘာဝအလှအပတွေ ၊ အရောင်စုံ ရှုခင်းတွေ ၊ တက်ကြွနိုးကြားတဲ့ ယဉ်ကျေးမှုနဲ့ အစဉ်အလာဖြစ်နေတဲ့ ဖော်ရွေမှုတွေ စုဝေးတာကြောင့်လည်း နာမည်ကြီးပါတယ်။

(၃) Dubai

Dubai, UAE

Photo: airpano

ယူအေအီးနိုင်ငံရဲ့ မြို့တော် ဒူဘိုင်းဟာ ကမ္ဘာ့ခရီးသွားလာရေးကောင်စီ WTTC က ဘေးအန္တရာယ်အကင်းဆုံး ခရီးသွားချင်စရာ မြို့တစ်မြို့အဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒီမြို့ဟာ လူလုပ်အလှအပတွေ နည်းပညာအဆန်းအသစ်တွေနဲ့ ပုံဖော်ဖန်တီးထားတဲ့ မြို့ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ခရီးသွားတွေကို ဆွဲဆောင်ဖို့ ပျော်စရာမျိုးစုံကိုလည်း ဒူဘိုင်းမှာ ခံစားနိုင်ပါတယ်။

(၄) ခရိုအေးရှား

Croatia

Photo: kimkim

ခရိုအေးရှားဟာ ဥရောပမှာ အငြိမ်းချမ်းဆုံး နဲ့ ကျန်းမာရေးစနစ် အကောင်းဆုံးနိုင်ငံထဲမှာ ပါပါတယ်။ ခရီးသွားမှုနဲ့ မဆိုင်ပေမယ့် ထူးခြားတာလေး ပြောချင်ပါတယ်။ အဲ့ဒါက ခရိုအေးရှားဟာ တခြားဥရောပနိုင်ငံအများစုထက် နိုင်ငံ့လူဦးရေနဲ့ ဆေးရုံခုတင်အချိုးမှာ ပိုများတယ်လို့ ဆိုပါတယ်။ ခရိုအေးရှားဘက်မှာ ရှေးဥရောပဆန်တဲ့ အလှနဲ့ ယဉ်ကျေးမှုတွေ ၊ သန့်ရှင်းကျန်းမာနေတဲ့ ကမ်းခြေတွေ အများကြီး ရှိပါတယ်။

Featured Photo: blackplatinumgold