မဖိတ်ခေါ်ရောက်လာတတ်တဲ့ ဧည့်သည်တွေထဲမှာ အဆိုးဆုံးကတော့ ဝက်ခြံတွေပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ အမျိုးသားတွေဟာ အမျိုးသမီးများထပ် အသားရေထိန်းသိမ်းဖို့ အားနည်းတတ်ကြသလို အအိပ်အစားအချိန်မမှန်တဲ့ အချက်တွေကလည်း ဝက်ခြံတွေကို လက်ယပ်ခေါ်နေသလို ဖြစ်စေတတ်ပါတယ်။ ကွီးတို့ဝက်ခြံကင်းစင်ပြုံးပျော်ရွှင်ပြီး စော်ကြည်ထီပေါက်နိဗ္ဗာန်ရောက်ဖို့ ပါရမီဖြည့်တဲ့အနေနဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေ ဖော်ပြပေးလိုက်ရပါတယ်။
(၁) တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပါ
Photo : Robb Report
တစ်ကိုယ်ရည်သန့်ရှင်းမှုက ကိုယ်ရောစိတ်ပါလှပစေမယ့် အဓိကသော့ချက်ဖြစ်သလို မျက်နှာအသားရေထိန်းသိမ်းမှုအတွက်လဲ အလွန်အရေးပါပါတယ်။ နေ့တစ်နေ့ရဲ့အစမှာသာမက အိပ်ရာမဝင်ခင်အချိန်မှာလဲ မျက်နှာသစ်ပေးဖို့ အထူးလိုအပ်ပါတယ်။ တနေ့တာသွားလာလှုပ်ရှားရင်း တင်ကျန်နေတတ်တဲ့အညစ်ကြေးတွေကို နေ့စဥ်သန့်စင်ပေးခြင်းဖြင့် ဝက်ခြံများကိုကာကွယ်နိုင်ပါတယ်။ သတိထားရမယ့်အချက်ကတော့ တစ်နေ့၂ကြိမ်ထက်တော့မပိုစေဖို့ပဲဖြစ်ပါတယ်။
(၂) နူးညံ့တဲ့ မျက်နှာသုတ်ပုဝါ ပြောင်းသုံးပါ
Photo : iStock
ကြမ်းတမ်းတဲ့ မျက်နှာသုတ်ပုဝါမျိုးနဲ့ သုတ်ရင်ဂျီးပြောင်သလိုခံစားရစေတတ်ပေမဲ့ တကယ်တော့ အသားရေရဲ့အပေါ်ယံလွှာကို ပွန်းတီးစေပြီး မလိုလားတဲ့ဝက်ခြံနဲ့ အနာတရတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်ခုကစပြီး နူးညံ့တဲ့ပုဝါ / မျက်နှာသုတ်ဖို့သီးသန့်ထုတ်ထားတဲ့ Cotton towel မျိုးရွေးချယ်သုံးဖို့ တိုက်တွန်းပါရစေ။
(၃) လက်နဲ့ မညှစ်မိအောင်နေပါ
Photo : SLMD Skincare
ဝက်ခြံ နဲ့ မှန်က ရန်သူတွေဆိုလဲမမှားပါဘူး။ မှန်ကြည့်မိလို့ဝက်ခြံဖုမြင်တာနဲ့ လက်နဲ့ကလိပြီးရန်စချင်စိတ်တွေ တဖွားဖွားပေါ်လာတတ်စေလို့ပါ။ အကြမ်းနည်းနဲ့ဖြေရှင်းလို့ရတဲ့အရာထဲမှာ မပါရေးချမပါတာကတော့ ဝက်ခြံတွေပါပဲ။ ဝက်ခြံတို့ဟူသည် ဖိလေကြွလေ ညှစ်လေပွါးလေမို့ စိတ်ရှည်သည်းခံလမ်းကြောင်းမှန်လို့ နှလုံးသွင်းပြီးသာနေဖို့ အကြံပြုပါရစေ။
(၄) ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ ဆေးတွေပဲသုံးပေးပါ
Photo : Duniamasa
တရားဝင် FDA လက်မှတ်ရထားပြီး ဖြန့်ချီနေသော ဝက်ခြံပျောက်ဆေးများကို ဆေး Counter များမှဝယ်ယူသုံးစွဲခြင်းက အိမ်တွင်းဆေးမြီးတိုတွေထပ် စိတ်အချရဆုံးပါပဲ။ Salicylic acid၊ Benzyl peroxideစတဲ့ Ingredients များပါဝင်တဲ့ဆေးများကို ရှာဝယ်ပါ။ Lifestyle နဲ့ Stress ကြောင့်ထွက်တတ်တဲ့ ဝက်ခြံများအတွက်သာ အသုံးဝင်တာတော့ သတိပြုစေချင်ပါတယ်ခင်ဗျာ။
Featured Photo : Men’s Health