ပျမ်းမျှလူတစ်ယောက်ဟာ တစ်ရက်ကို (၂) မိုင်ကနေ (၅) မိုင်ကြား လမ်းလျှောက်ပါတယ်။ လူတွေက ခြေလှမ်းတွေ (သို့) နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဖုန်းကနေတဆင့် မှတ်တမ်းတင်ထားတက်ကြပါတယ်။ ဒါပေမယ့် တစ်ချို့ တိရိစ္ဆာန်တွေ တစ်ရက်ကို ဘယ်လောက်ထိ သွားနိုင်သလဲဆိုတာကိုတော့ လူတွေမတွေးမိကြဘူး။ တစ်ချို့ တိရိစ္ဆာန်တွေဟာ လူတွေထင်ထားတာထက်ပိုပြီး မြန်ဆန်ကြကာ ခရီးဝေးကို မနားမနေသွားနိုင်ကြတယ်။ တစ်ချို့ တိရိစ္ဆာန်တွေကတော့ လှုပ်ရှားမှုမရှိဘူးလို့ ပြောရလောက်အောင်ထိ ငြိမ်နေတက်ကြတယ်။ ဒီနေ့ kwee page က လူအများစု ရင်းနှီးကျွမ်းဝင်ပြီးသား တိရိစ္ဆာန်တွေရဲ့ ခရီးသွားနှုန်းတွေကို ဖော်ပြပေးသွားမှာပါ။
ရေနဂါးအပုမျိုး (dwarf seahorse)

ရေနဂါးအပုမျိုးဟာ ငါးထဲမှာ အနှေးကွေးဆုံး သတ္တဝါဖြစ်ပါတယ်။ ဒီ သတ္တဝါဟာ တစ်နာရီကို (၅) ပေနှုန်းသာ အမြန်ဆုံး သွားနိုင်ပါတယ်။ ပြီးတော့ တစ်ရက်ကို ကိုက် (၄၀) ခန့်လောက်သာ သွားလာလှုပ်ရှားကြတယ်။
စလော့ (Sloth)

နို့တိုက်သတ္တဝါတွေထဲမှာ အနှေးကွေးဆုံး သတ္တဝါဖြစ်ပါတယ်။ တစ်ချို့ရုပ်ရှင်တွေထဲမှာ နှေးကွေးတာကို စလော့နဲ့ ဥပမာ ပြလေ့ရှိပါတယ်။ သူတို့တွေဟာ တစ်ရက်ကို (၁၂၅) ပေထက်ကျော်ပြီး ခရီးမသွားကြပါဘူး။
ငှက်ပျော်ပက်ကျိ (Banana slug)

သူရဲ့ ပုံစံကြောင့် ငှက်ပျော်ပက်ကျိ လို့ခေါ်ကြတယ်။ သူတို့တွေဟာ တစ်မိနစ်ကို (၆.၅) လက်မအထိသာ အမြန်ဆုံးသွားနိုင်ကြပြီး တစ်ရက်သွားနှုန်းကလည်း အကန့်အသက်ရှိပါတယ်။
ကိုမိုဒို နဂါး (Komodo dragon)

ကိုမိုဒို နဂါးတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဖွတ်မျိုးနွယ်ဝင်တွေဖြစ်ပါတယ်။ သူတို့တွေဟာ အမြင်အာရုံအင်မတန်ကောင်းကြပြီး ပေပေါင်း (၉၈၅) ပေအကွာအဝေးမှာရှိတဲ့အရာကို ကောင်းစွာမြင်နိုင်စွမ်းရှိပါတယ်။ ကိုမိုဒို နဂါး အထီးတွေက သူတို့ရဲ့နယ်မြေကို ကာကွယ်ဖို့ တာဝန်ယူရပြီး တစ်ရက်ကို (၁.၂) မိုင်ခန့် ကင်းလှည့်လေ့ရှိပါတယ်။
အာဖရိက ဆင်

လူယဉ်တဲ့ အာဖရိကဆင်တွေဟာ (၁၃) ပေထိ ကြီးထွားနိုင်ပြီး (၇) တန်ကျော် အလေးချိန်ရှိနိုင်ပါတယ်။ သူတို့ဟာ အရွယ်အစားကြီးမားပေမယ့် တစ်နေ့ကို (၁၂၁) မိုင်အထိ သွားနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ တစ်နေ့ကို (၁၅) မိုင်ခန့်သာ လမ်းလျှောက်ကြလေ့ရှိပါတယ်။
အမဲလိုက်သိမ်းငှက် (Peregrine falcon)

အမဲလိုက်သိမ်းငှက် တွေဟာအမဲလိုက်နေစဉ်အတွင်းမှာ တစ်နာရီကို မိုင်ပေါင်း (၂၀၀) အထိပျံသန်းနိုင်ပါတယ်။ ထူခြားလှတဲ့ အမဲလိုက်သိမ်းငှက်တွေရဲ့နှာခေါင်းပေါက်ဟာ ပျံသန်းနေစဉ်အတွင်း လေထုဖိအား ပြောင်းလဲခြင်းဒဏ်ကို အကောင်းဆုံး အံတုနိုင်ပြီး အသက်ပုံမှန်ရှူသွင်းရှူထုတ်ပြုလုပ်နိုင်ကြတယ်။ အမဲလိုက်သိမ်းငှက်တွေဟာ အလွန်လျင်မြန်ကြပြီး သိပ္ပံပညာရှင်တွေက လေယာဉ်တွေကို ပိုပြီးအဆင့်မြှင့်တင်ဖို့အတွက် သူတို့ကို နမူနာယူကြရပါတယ်။
Source: Bright Side
