လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက လူတွေရဲ့ ဆင့်ကဲဖြစ်တည်လာခြင်းအကြောင်းတွေကို ကျောင်းတွေမှာ သင်ခဲ့ဖူးကြမယ်ထင်ပါတယ်။ ဒီနေ့တော့ kwee page ကလွန်ခဲ့တဲ့ နှစ် (၁၅၀) အတွင်းက ပြောင်းလဲလာတဲ့ လူ့ခန္ဓာကိုယ်အကြောင်းပြောပြပေးသွားမှာပါ။

အရပ်အမောင်းရှည်လာတယ်

Source: Bright Side

လွန်ခဲ့တဲ့ နှစ် (၂၀၀) ခန့်ကစပြီး လူတွေရဲ့အရပ်အမောင်းဟာ ပိုမိုရှည်လာတယ်လို့ လေ့လာမှုတွေက ထောက်ပြထားကြတယ်။ အထူးသဖြင့် တောင်ကိုးရီးယားအမျိုးသမီးတွေနဲ့ အီရန်နိုင်ငံသားတွေမှာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ပျှမ်းမျှအားဖြင့် တောင်ကိုးရီးယားအမျိုးသမီးတွေဟာ (၂၀.၂) စင်တီမီတာ ပိုရှည်လာပြီး အီရန်နိုင်ငံသားတွေလည်း (၁၆.၅) စင်တီမီတာ ရှည်ထွက်လာကြတယ်လို့ သိပ္ပံဂျာနယ် တစ်ခုဖြစ်တဲ့ eLife ကဖော်ပြထားပါတယ်။

ခန္ဓာကိုယ်အပူချိန်

Source: Bright Side

ကမ္ဘာကြီးရဲ့အပူချိန်က မြှင့်တတ်လာနေပေမယ့် လူတွေရဲ့အပူချိန်ကတော့ လျော့ကျသွားနေပါတယ်။ လေ့လာမှုတွေအရ (၂၁) ရာစု အမျိုးသားတွေရဲ့ အပူချိန်ဟာ (၁၉) ရာစုတုန်းက အမျိုးသားတွေရဲ့အပူချိန်တွေထက် (၁.၀၆) ဒီဂရီဖာရင်ဟိုက် လျော့ကျသွားကြောင်း ပြောဆိုထားပါတယ်။ (၁၈၀၀) ခုနှစ်က ဒေတာတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာလည်း အမျိုးသမီးတွေရဲ့ အပူချိန်ဟာ (.၅၈) ဒီဂရီဖာရင်ဟိုက် လျော့ကျသွားတာကို တွေ့ရပါတယ်။

အရွယ်ရောက်တာ မြန်လာတယ်

Source: Yahoo News

ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေဟာ အရင်ခေတ်က လူတွေထက် ပိုပြီး အရွယ်ရောက်တာ မြန်လာကြတယ်။ ဒါကတော့ နေထိုင်စားသောက်မှုပုံစံပြောင်းလဲသွားတာကြောင့်လို့ ကျွမ်းကျင်သူတွေက ကောက်ချက်ချထားကြတယ်။ လေ့လာမှုတွေအရ (၁၅) ရာခိုင်နှုန်းသော မိန်းကလေးတွေဟာ အသက် (၇) နှစ်အရွယ်မှာ အပျိုပေါက်လေးတွေဖြစ်လာကြပြီး ဒါက (၂၀) ရာစုက မိန်းကလေးတွေထက် (၂) နှစ်ခန့် ပိုစောတဲ့ အနေအထားမှာရှိနေတာလည်းဖြစ်ပါတယ်။

ပိုပြီးအသက်ရှည်ရှည်နေနိုင်လာကြတယ်

Source: Bright Side

ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်လာတာ၊ အာဟာရဖြစ်တဲ့အစားအစာတွေ ရွေးချယ်စားသုံးလာတာနဲ့ အခြားအချက်တွေကြောင့် လူ့သက်တမ်းဟာ (၂၀) ပိုပြီးရှည်လာကြတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ စပိန်က ပညာရှင်တွေကတော့ (၂၁) ရာစုအကုန်လောက်မှာ လူ့သက်တမ်းက နှစ် (၁၂၀) အထိတောင်ရောက်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အဝလွန်လာကြတယ်

Source: Bright Side

ဒီအချက်ကတော့ လူတိုင်းနီးပါ သိကြပါတယ်။ အခုခေတ်လူတွေတော်တော်များများဟာ ပုံမှန်ရှိရမယ့် အလေးချိန်ထက်ပိုတဲ့ အဝလွန်တဲ့ရောဂါတွေကို ခံစားနေကြရတယ်။ ဒါလည်း စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲလာလို့ပဲ ဖြစ်ပါတယ်။ အဝလွန်ခြင်းဟာ (၁၉၇၅) ခုနှစ်ကတည်းက စတင်လာခဲ့တာပါ။ (၂၀၁၆) ခုနှစ်ကကောက်ယူထားတဲ့ ဒေတာတွေအရ (၁.၉) ဘီလီယံသော အရွယ်ရောက်ပြီးတဲ့လူတွေဟာ ပုံမှန်ရှိသင့်တဲ့ အလေးချိန်ထက်ပိုနေပြီး အဲ့ဒီထဲကမှ သန်း (၆၅၀) ဟာအဝလွန်နေကြတယ်လို့ သိရပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဝလွန်ခြင်းကို လျှော့ချနိုင်ဖို့အတွက် စားသောက်နေထိုင်မှုပုံစံ တွေကိုပြောင်းလဲပစ်ဖို့ လိုအပ်ကြောင်း အကြံပြုထားကြပါတယ်။