၁၇ ရာစုလောက်က ကော်ဖီသောက်ခြင်းဟာ အသက်တိုစေတယ်လို့ သတ်မှတ်ခဲ့ကြဖူးပါတယ်။ ထိုစဉ်က ကော်ဖီဟာ စိတ်ကိုပြောင်းလဲစေတဲ့ အကျိုးသက်ရောက်မှုများရှိတယ်လို့လည်း ယုံကြည်ခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာတော့ သိပ္ပံနည်းကျလေ့လာတွေ့ရှိထားမှုတွေအရ ကော်ဖီဟာ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ ဒြပ်ပေါင်းများပါဝင်တဲ့သောက်စရာတစ်ခုအဖြစ် သတ်မှတ်ထားတာကြောင့် ကော်ဖီကို တော်တော်များများသောက်သုံးလျက်ရှိပါတယ်။ သို့သော် တစ်ရက်တာအတွင်းမှာ ကော်ဖီကို ဘယ်လောက်များများသောက်သင့်ပါလဲ။ ကော်ဖီဘယ်နှစ်ခွက်က သင့်ခန္ဓာကိုယ်ကျန်းမာရေးကို အမှန်တကယ်အထောက်အကူပြုလဲ ၊ ဘေးထွက်ဆိုးကျိုးဖြစ်စေလဲဆိုတာ ပြောပြပေးသွားမှာပါ။
(၁) အသင့်အတင့်သောက်သုံးခြင်းက နှလုံးကိုကျန်းမာစေတယ်

ဂျာမနီမှ သိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တစ်ခုအရ ကဖိန်းဓာတ်ဟာ သွေးကြောအတွင်းရှိဆဲလ်များကို လှုံ့ဆောင်ပေးတယ်လို့ ဆိုပါတယ်။ ၎င်းက သွေးကြောဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ လေ့လာသူတွေကတော့ တစ်ရက်ကို ကော်ဖီလေးခွက်ခန့် သောက်ပေးတာက နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ဆိုပါတယ်။
(၂) ကော်ဖီသောက်သူတွေက အသက်ပိုရှည်တယ်

ကော်ဖီပုံမှန်သောက်သုံးတွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဒဏ်ရာဖြစ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနဲ့ ဆီချိုကဲ့သို့ ရောဂါလက္ခဏာများ ဖြစ်ပွားနိုင်ခြေနည်းတယ်လို့ သုတေသီတွေကပြောထားပါတယ်။ အမေရိကန်ပြည်ထောင်စုရှိလူပေါင်း ၄၀၀၀၀၀ ကိုလေ့လာမှုတစ်ရပ်ပြုလုပ်ခဲ့ရာမှာတော့ နေ့စဉ်ကော်ဖီတစ်ခွက်သောက်သုံးသူတွေဟာ ကော်ဖီလုံးဝမသောက်သူတွေထက် ကျန်းမာပြီးအသက်ရှည်ရှည်နေနိုင်ကြတယ်လို့ ဆိုပါတယ်။
(၃) မသောက်သုံးသင့်တဲ့ ကော်ဖီပမာဏ

တန်ဆေးလွန်ဘေးဆိုသလို ကော်ဖီအသင့်အတင့်သောက်တာက ကျန်းမာရေးကိုအထောက်အကူဖြစ်စေပေမယ့် ပုံမှန်ထက် ကော်ဖီအလွန်အကျွံသောက်သုံးခြင်းကတော့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ကိုယ်တိုင်မွေးယူနေရာရောက်စေပါတယ်။ တစ်ရက်တာအတွက် အန္တရာယ်ရှိတဲ့ ပမာဏဟာ ကော်ဖီ ၆ ခွက်နဲ့အထက်လို့ သုတေသနပြုလုပ်သူတွေကဆိုပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ရက်ကို espresso ၆ ခွက်ထက် ပိုသောက်ခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်း အထိမြင့်တက်နိုင်ပါတယ်။
(၄) ကော်ဖီရဲ့ ဘယ်အပိုင်းက ကျန်းမာရေးကိုထိခိုက်စေတာလဲ

တစ်ရက်ကိုကော်ဖီ ၆ ခွက်ထက်သောက်မယ်ဆိုရင် ကော်ဖီမှာပါဝင် ကဖိန်းဓာတ်အပြင် ခရင်မ်နဲ့ သကြားတွေက သင့်ကိုကယ်လိုရီတက်စေပြီး အဝလွန်ခြင်းကဲ့သို့ ကျန်းမာရေးပြဿနာများဖြစ်စေနိုင်ပါတယ်။ တကယ်တော့ နေ့စဉ် black coffee ကော်ဖီအသင့်အတင့်သောက်ပေးတာကဆီးချိုရောဂါကိုကာကွယ်ပေးပေမယ့် သကြားနဲ့ ခရင်မ်တွေကိုပါထည့်သောက်မယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်လာစေမှာဖြစ်ပါတယ်။
Source : Brightside
