အရွယ်ရောက်သူတိုင်း လိင်စိတ်ဆန္ဒဆိုတာ ရှောင်လွှဲလို့မရတဲ့ ဇီဝဖြစ်စဉ်တစ်ခုပါပဲ။ လိင်စိတ်သာယာမှုကို လူ့သဘာဝအလျောက် ဖြေဖျောက်ကြတဲ့နည်းတွေထဲမှာ လူတိုင်းလိုလို လုပ်လေ့ရှိတာက Masturbation လို့ခေါ်တဲ့ တစ်ကိုယ်ရည်အာသာဖြေမှုပဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေမှုနဲ့ပတ်သက်ပြီး ဟိုပြောဒီပြော ကောလာဟာလတွေလည်း အများကြီးရှိပါတယ်။

Masturbation လုပ်တာဟာ လူပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ။ အကြိမ်ရေဘယ်လောက်ဆို အန္တရာယ်ရှိသလဲ။ ဘယ်လို အကျိုးအပြစ်တွေ ရှိသလဲ ကြည့်လိုက်ရအောင်ပါ။

(၁) ကျန်းမာရေးအကျိုးတွေ

Man Watching porn

Photo: Unsplash

ကောင်းတဲ့ဘက်က ကြည့်ရင် အာသာဖြေဖျောက်ခြင်းဟာ ဦးနှောက်အတွက် ခံစားမှု ကောင်းမွန်တဲ့ ဒိုဖာမိန်း ၊ အန်‌ဒိုဖင်းစ် ၊ အောက်ဆီတိုစင် ၊ တက်စတိုစတီးရုန်းနဲ့ ပရိုလတ်စတင်းလို ဟော်မုန်းတွေကို ဦးနှောက်က ထုတ်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ Happy Hormones လို့ ခေါ်တဲ့ ဒိုဖာမိန်း ၊ အန်ဒိုဖင်းနဲ့ အောက်ဆီတိုစင်တို့ ထွက်လာတာကြောင့် စိတ်ဖိစီးမှု ပြေလျော့ပြီး စိတ်သက်သာရာရလာပါတယ်။ တက်စတိုစတီးရုန်းထွက်တာကြောင့် လိင်စိတ်ကျေနပ်မှုရပြီး ခံစားမှုနဲ့ သက်လုံကောင်းလာစေနိုင်ပါတယ်။ ပရိုလတ်စတင်းကတော့ Mood နဲ့ ကိုယ်ခံအားစနစ်ပေါ် လွှမ်းမိုးမှုရှိပြီး စိတ်တည်ငြိမ်အေးချမ်းလာနိုင်ပါတယ်။

Masturbation ဟာ ဦးနှောက်ရဲ့ အာရုံစူးစိုက်မှုကို ပိုမြှင့်တင်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဒီအချက်အပေါ် သိပ္ပံနည်းကျ ဖြေရှင်းချက်တွေ ထွက်မလာသေးပေမယ့် လူတချို့ကတော့ တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ စိတ်အာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းမွန်စေနိုင်တယ်လို့ ယူဆကြပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ခြင်းကိုလည်း တစ်ကိုယ်ရည်စိတ်ဖြေခြင်းက သက်သာရာ ရစေနိုင်ပါတယ်။

နောက်ထပ် လူအတော်များများ လက်ခံထားတာက အာသာဖြေတာဟာ အိပ်ပျော်စေနိုင်တယ် ဆိုတဲ့ အချက်ပါပဲ။ တစ်ကိုယ်ရည်အာသာဖြေမှုလုပ်ခြင်းကနေ အောက်ဆီတိုစင်နဲ့ အင်ဒိုဖင်းတွေ ထွက်ပြီး လူကို ပြေလျော့အနားရစေတာကြောင့် အိပ်ပျော်လွယ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ လိင်မှုကိစ္စနဲ့ပတ်သက်ပြီးလည်း မလွန်ကဲတဲ့ Masturbation အလေ့အကျင့်ဟာ သာယာပျော်ရွှင်မှုကို ပေးနိုင်ပါတယ်။

(၂) ဘေးထွက်ဆိုးကျိုးတွေ

Feeling Depressed

Photo: Unsplash

တစ်ကိုယ်ရည်စိတ်ဖြေမှုက အသွားနှစ်ဖက်ပါတဲ့ ဓါးတစ်လက်လို့ ဆိုရမှာပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်းကို တချို့ဘာသာရေးနဲ့ လူ့အဖွဲ့အစည်းတွေအကြားမှာ မကောင်းမှုဒုစရိုက်တစ်ခုသဖွယ် သဘောထားကြပါတယ်။ ဒါကြောင့်ပဲ တင်းကြပ်တဲ့ ဘာသာရေးဘောင်တွေနဲ့ နေထိုင်သူတွေမှာ သွေးသားလှုံ့ဆော်မှုအရ အာသာဖြေပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသူလိုခံစားရပြီး ရှက်ရွံ့သိမ်ငယ်တာမျိုး ဖြစ်နေတတ်ပါတယ်။

ကျန်းမာရေးဘက်က ကြည့်ရင် Masturbation လုပ်လွန်းရင် လိင်စိတ်ကျလာတာ ၊ လိင်တံမထောင်မတ်နိုင်တော့တာ ၊ ပန်းညှိုးတာ အပြင် Masturbation လုပ်ရတာကို စွဲသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ၂၀၀၈ ခုနှစ်က လေ့လာမှုတစ်ခုမှာ အသက် ၂၀ နဲ့ ၃၀ တစ်ဝိုက်လူငယ်တွေမှာ မကြာခဏ အာသာဖြေလွန်းရင် ဒါမှမဟုတ် လိင်ဆက်ဆံမှု လုပ်လွန်းရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်တယ်လို့ ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် မလွန်ကဲအောင် ထိန်းနိုင်ရင် တစ်ကိုယ်ရည်အာသာဖြေတာဟာ အမျိုးသားတွေအတွက် သင့်တော်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

Featured Photo : Freepik