ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ခန်းတွေ ဘယ်လောက် လုပ်သင့်သလဲ။ ကိုယ်လက်လေ့ကျင့်ခန်းတွေဟာ ရေရှည်ကျန်းမာရေးကောင်းမွန်ဖို့အတွက် အလွန်ပဲ အရေးကြီးတယ်ဆိုတာ အားလုံးပဲ လက်ခံထားကြပါတယ်။ ဒါပေမယ့်လည်း ဘယ်လေ့ကျင့်ခန်းတွေ လုပ်သင့်သလဲ ၊ ဘယ်လောက်အထိ လုပ်ရမလဲလို့ မေးလာရင် စဉ်းစားစရာပါ။

ယူကေမှာတော့ အစိုးရနဲ့ ဗြိတိသျှနှလုံး‌ဖောင်ဒေးရှင်းဟာ တစ်နေ့ကို မိနစ် ၃၀ကြာအောင် လေ့ကျင့်ခန်း လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါက အသက် ၁၉ နှစ်ကနေ ၆၄ နှစ်အကြား အရွယ်ရောက်သူတွေအတွက် ရည်ညွှန်းတာပါ။ လုပ်ရမယ့် လေ့ကျင့်ခန်းနဲ့ ပတ်သက်လို့ ယူကေအမျိုးသားကျန်းမာရေးဝန်ဆောင်မှု NHS ကတော့ Sections ၃ ခု ခွဲပေးထားပါတယ်။

Photo: Pexels

ပထမတစ်ခုက တစ်ပတ်ကို သိပ်မပြင်းထန်လွန်းတဲ့ နှလုံးကျန်းမာစေမယ့် အေရိုးဗစ်လှုပ်ရှားမှုမျိုး မိနစ် ၁၅၀ (၂ နာရီခွဲ) လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။ ဒီလေ့ကျင့်ခန်းထဲမှာ တစ်ပတ်ကို နှစ်ရက် ကြွက်သားသန်မာအောင် ကစားပေးဖို့လည်း ပါရှိပါတယ်။ ခပ်ပြင်းပြင်း အေရိုးဗစ်ကစားနည်းတွေကိုတော့ တစ်ပတ်ကို ၇၅ မိနစ်နှုန်းနဲ့ ကြွက်သားလေ့ကျင့်ခန်းတွေပါ တစ်ပတ်နှစ်ရက်နှုန်း တွဲကစားပေးဖို့ အကြံပြုထားပါတယ်။ ရိုးရိုးအေရိုးဗစ်နဲ့ ခပ်ကြမ်းကြမ်း လေ့ကျင့်မှုတွေကို ရောပြီး တစ်ပတ်ကို မိနစ် ၉၀ နှုန်းနဲ့ ကစားပေးနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန် ဆေးကောင်စီကတော့ သိပ်မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရားမှုမျိုး တစ်နေ့ကို အနည်းဆုံး ၁ နာရီအထိ လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။ တစ်ခုရှိတာက အမေရိကန်ဆေးကောင်စီ ဆိုလိုတဲ့ အပျော့စား ကိုယ်လက်လှုပ်ရှားမှုထဲမှာ အိမ်မှုကိစ္စလုပ်တာ ၊ မီးပူထိုးတာ ၊ လှေကားတက်တာ နဲ့ ရိုးရိုး လမ်းလျှောက်တာတွေလည်း ပါရှိပါတဘ်။ ဒါတွေကို တစ်နေ့ တစ်နာရီလုပ်ရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ သတ်မှတ်ထားတာပါ။

Photo: Freepik

သိပ်ကြီး ပြင်းပြင်းထန်ထန်မဟုတ်တဲ့ အေရိုးဗစ်ကစားနည်းထဲမှာ ခပ်သွက်သွက် လမ်းလျှောက်တာ ၊ ရေကူးတာ ၊ စကိတ်စီးတာ တို့ ပါရှိပါတယ်။ နည်းနည်း ပြင်းထန်တဲ့ အေရိုးဗစ်လှုပ်ရှားမှုတွေကတော့ တင်းနစ်ရိုက်တာ ၊ ပြေးတာ ၊ ဘောလုံးကန်တာ ၊ စက်ဘီးစီတာနဲ့ လက်ဝှေ့ထိုးတာအထိ ပါပါတယ်။ ကြွက်သားကစားတာကတော့ လက်မောင်း ၊ အောက်ပိုင်း ၊ ရင်ဘတ် ၊ ပုခုံးနဲ့ ဝမ်းဗိုက်ဆီက ကြွက်သားအားလုံးကို တောင့်တင်းကြံ့ခိုင်အောင် ကစားပေးတာ ဖြစ်ပါတယ်။

ကြွက်သားကစားတဲ့ နည်းတွေအတွက် Gym မှာ သွားပြီး Weight Training လုပ်တာ ၊ ထိုင်ထလှုပ်ရှားတာ ၊ အောက်ပိုင်းထိုင်ခြင်းနဲ့ ဒိုက်ထိုးတာမျိုးတွေ လုပ်ဆောင်ရမှာပါ။ လှုပ်ရှားမှု များသူဟာ ကင်ဆာ ၊ ဆီးချို ၊ နှလုံးနဲ့ စိတ်ဓါတ်ကျမှုတွေ အဖြစ်နည်းပါတယ်။ အားကစားလုပ်တာအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရလည်း မှီဝှဲပေးရမှာ ဖြစ်ပါတယ်။