တစ်ကိုယ်ရည် သန့်ရှင်းဖို့ရန်အတွက် တစ်နေ့လျှင် ရေ ၁ ကြိမ်ခန့် ချိုးသင့်ကြောင်း လူကြီးမိဘများ ပြောတာကို ကြားဖူးနားဝရှိကြပါလိမ့်မယ်။ တကယ်ပဲ နေ့စဉ်နေ့တိုင်း ရေပုံမှန်ချိုးပေးဖို့ လိုအပ်ရဲ့လား။ သင်ရော တစ်ပတ်လျှင် ဘယ်နှကြိမ်ခန့် ရေချိုးဖြစ်ပါသလဲ။
နေ့တိုင်းရေချိုးခြင်းက ကောင်းရဲ့လားဆိုတာကို သိရှိနိုင်ဖို့အတွက် အခုပဲ ဒီဆောင်းပါးလေးကို ဖတ်ရှုကြည့်လိုက်ပါ။
အရင်ဦးဆုံး ကိုယ့်ရဲ့အသားအရေက ဘယ်လိုအသားအရေအမျိုးအစားထဲ ပါဝင်သလဲဆိုတာကို ဆန်းစစ်ကြည့်ပါ

သင့်အသားအရေက အဆီပြန်တယ်ဆိုရင်တောင်မှ နေ့တိုင်းရေမချိုးသင့်ပါဘူး။ နေ့တိုင်းရေချိုးတဲ့အခါ ဓာတုပစ္စည်းများနဲ့ မကြာခဏ ထိတွေ့နေရတဲ့အတွက်ကြောင့် အသားအရေကို ပိုမိုအဆီပြန်စေပါတယ်။
တကယ်လို့ သင့်အသားအရေသည် Sensitive အသားအရေမျိုး (သို့) ခြောက်သွေ့သော အသားအရေ (သို့) သင့်မှာ လေးဘက်နာနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲတတ်တယ်ဆိုရင်တော့ နေ့တိုင်း ရေချိုးခြင်းသည် သင် ခံစားနေရတဲ့အရာကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။ ဒါ့ကြောင့် အရေပြားအထူးကုပညာရှင်များက တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်ခန့်သာ ရေချိုးသင့်ကြောင်း အကြံပေးထားပါတယ်။
Workout ပြုလုပ်သလား မပြုလုပ်ဘူးလားဆိုတာကိုလည်း ထည့်တွက်ဖို့လိုအပ်ပါတယ်

Workout ပြုလုပ်ပြီးပြီးချင်း ရေချိုးခြင်းသည် သင့်ရဲ့ကြွက်သားများကို ပြန်လည်အားဖြည့်အောင် ကူညီပေးပြီး ခန္ဓာကိုယ် နာကျင်ကိုက်ခဲခြင်းမှ ကာကွယ်ပေးတဲ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း မြင့်တင်ပေးပါတယ်။ ဒါ့အပြင် အညစ်အကြေးများ၊ ဖုန်မှုန့်များနဲ့ အများဆုံးထိတွေ့နေရသူများအတွက်လည်း ထိတွေ့ပြီးပြီးချင်းမှာပဲ ရေချိုးပေးဖို့လိုအပ်ပါတယ်။ ဒါမှ ရွှင်လန်းတက်ကြွမှုကို ခံစားရစေမှာပါ။
ရာသီဥတုအခြေအနေပေါ် လိုက်ပြီး ရေချိုးပါ

ပူပြင်းခြောက်သွေ့ပြီး ချွေးထွက်များတဲ့ နွေရာသီမှာ အချို့ယောကျာ်းများသည် တစ်ရက်လျှင် နှစ်ကြိမ်ခန့် ရေချိုးလေ့ရှိပါတယ်။ အေးတဲ့ရာသီဥတုမျိုးမှာကျတော့ ရေချိုးဖို့အတွက် ကိုယ့်ကိုယ်ကို မနည်းတွန်းအားပေးနေရပါတယ်။ ဒါသည်လည်း ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ချမ်းအေးတဲ့ရာသီဖြစ်တဲ့အတွက်ကြောင့် အသားအရေက စိုစွတ်မှုနည်းပြီး ခြောက်သွေ့နေတတ်တာကြောင့် နေ့တိုင်း ရေချိုးပါက အသားအရေက ပိုမိုခြောက်သွေ့စေပြီး အသားပတ်ခြင်း၊ အသားအရေ ယားယံခြင်းတို့ကို ခံစားရစေနိုင်ပါတယ်။
ဒါ့အပြင် ရေချိုးတဲ့အခါမှာတော့ ပူလွန်းသောရေဖြင့် ချိုးခြင်း၊ အမွှေးရနံ့များ လွန်ကဲစွာပါဝင်သော ဆပ်ပြာများအသုံးပြုခြင်း၊ ၁၀ မိနစ်ထက်ကြာအောင် ရေချိုးခြင်းတို့မှလည်း ရှောင်ကြဉ်သင့်ပါတယ်။
Source: Brightside.me
Featured Image Source: Healthline.com
