လူတစ်ကိုယ်စိတ်တစ်မျိုး ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ လူတိုင်းမှာ မတူကွဲပြားတဲ့ စရိုက်လက္ခဏာ နဲ့ အမူအကျင့်တွေ ရှိတတ်ကြပါတယ်။ မတူတဲ့လူတွေနဲ့ သူတို့ရဲ့ အမြင်ကို လိုက်ပြီး ထိန်းချုပ်တာ နဲ့ အားလုံးကို တစ်ပုံစံတည်းအဖြစ် ပုံသွင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ကိုးကွယ်တဲ့ ဘာသာ ၊ လက်ခံတဲ့ အယူ နဲ့ သင်ယူခဲ့တဲ့ အတွေ့အကြုံ မတူတဲ့ လူတွေဆိုတာ ကိုယ်ရောက်လေရာ နေရာတိုင်းမှာ ရှိပါတယ်။ ဒါတွေကို ရှောင်လွှဲလို့ မရပါဘူး။ ဒီတော့ မတူတဲ့ လူတွေကို လက်ခံမှသာ လူအချင်းချင်း ဆက်ဆံရေးမှာ အောင်မြင်ချောမွေ့ပြီး အတူယှဉ်တွဲ နေနိုင်မှာ ဖြစ်ပါတယ်။
(၁) သင့်ရဲ့ တင်ကြို အမြင်တွေ စိစစ်ပါ
Photo: Freepik
မတူကွဲပြားတဲ့ လူတွေကို လက်ခံဖို့ သူတို့ရဲ့ စရိုက်ကို သည်းခံပေါင်းသင်းနိုင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ အရင်ဆုံး အဲဒီလူတွေနဲ့ ပတ်သက်ပြီး ကိုယ့်ဘက်မှာ ကြိုစဉ်းစားဆုံးဖြတ်ထားတာတွေ ရှိနေတတ်ပါတယ်။ ဖော်ထုတ်ကြည့်ပါ။
နောက်တစ်ခု မှတ်ထားဖို့က တင်ကြိုဆုံးဖြတ်ထားတဲ့ ကိုယ့်အတွေးတွေဟာ အမြဲပဲ အဆိုးမြင်တာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ လူတစ်ယောက်ကို သင်ဘယ်လို မြင်နေသလဲဆိုတာ အရင်ဆုံး စိစစ်ကြည့်ဖို့ မကောင်းပေဘူးလား။
(၂) အနှစ်ကို မြင်ပါစေ
Photo: ShutterStock
လူကိုပဲ အဓိက ခြုံငုံပြီး အာရုံစိုက်ပါ။ လူရဲ့ တစ်ချို့သော စရိုက်သဘာဝတွေကို ကြည့်ရုံနဲ့ သူ့ရဲ့ ပင်ကိုယ်သဘောအပြည့်အစုံကို မြင်နိုင်မှာ မဟုတ်ပါဘူး။ လူတွေမှာ သူတို့ အစိတ်အပိုင်းတွေအားလုံးကို စုစည်းထားတာထက် ပိုပြီး ကြီးမားနက်ရှိုင်းတဲ့ ကောင်းကွက်လက္ခဏာတွေ ရှိတတ်ကြပါတယ်။
(၃) မထိန်းချုပ်ချင်ပါနဲ့
Photo: Freepik
သင့်ကို ပြောင်းလဲနိုင် ၊ သင့်ကို ထိန်းချုပ်နိုင်တဲ့ တစ်ဦးတည်းသော သူဟာ သင်ကိုယ်တိုင်ပါပဲ။ နောက်တစ်ကြိမ်မှာ တစ်ခြားတစ်ယောက်ယောက်ရဲ့ အပြုအမူနဲ့ အတွေးအမြင်ကြောင့် စိတ်တိုစရာ ကြုံလာရင် ဒီအချက်ကို သတိရပါ။
အခုလို ပြောတာဟာ မချစ်သော်လည်း အောင့်ကာနမ်းဆိုပြီး လူတိုင်းရဲ့ အပြုအမူတိုင်းကို လက်ခံဖို့ ပြောနေတာ မဟုတ်ပါဘူး။ သင်မကြိုက်တဲ့ အပြုအမူဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ထောက်ပြ ငြင်းပယ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအပြုအမူကို ဘာကြောင့် လက်မခံနိုင်ရသလဲဆိုတာ စဉ်းစားသုံးသပ်ဖို့ အချိန်ယူရမှာပါ။
(၄) တစ်ခြားသူနေရာက တွေးတတ်ပါစေ
Photo: Freepik
တစ်ခါတစ်လေ သူ့နေရာက ကိုယ်မြင်တတ်ခြင်းဟာ တစ်ခြားသူတွေရဲ့ မတူကွဲပြားမှုကို လက်ခံဖို့ အထိရောက်ဆုံးနဲ့ အကောင်းဆုံး အရာ ဖြစ်ပါတယ်။ တစ်ချို့အရာတွေဟာ သူ့ဘက်က အမြင်ကို ကိုယ်ဝင်ကြည့်လိုက်တာနဲ့ လက်ခံဖို့ လွယ်သွားတတ်ပါတယ်။
(၅) သင်မကြုံဖူးလို့ပါ
Photo: Pexels
တစ်ချို့လူတွေ ပြောတဲ့ ကြမ်းတမ်းတဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝပုံရိပ်တွေဆိုတာ တကယ်ခက်ခဲခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အဲဒီအတွေ့အကြုံနဲ့ ခံစားချက်ကို ထမ်းနိုင်ဖို့ သူတို့မှာ လုံလောက်တဲ့ ကိုယ်ခံအား မရှိခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။
အရေးကြီးတာက သင်နဲ့ မတူတဲ့ လူတွေကို လက်ခံဖို့အတွက် သူတို့ နောက်ကွယ်မှာ ကိုယ်ပိုင် အမှတ်တရနဲ့ လက်ခံထားတဲ့ နောက်ခံအကြောင်းတရားတွေ ရှိနိုင်တယ်ဆိုတာပါပဲ။ အင်္ဂလိပ်စကားနဲ့ ပြောမယ်ဆိုရင် Don’t knock it until you try it.