ပျော်ရွှင်ခြင်းဟာ လိပ်ပြာလေးနဲ့ တူပါတယ်။ နူးညံ့တယ်။ လှပဆန်းကြယ်တယ်။ ချစ်ခင်စရာကောင်းတယ်။ နောက်ပြီး သက်တမ်းတိုတယ်။ ဒီလို နူးညံ့လှပပြီး ချစ်ရာကောင်းတဲ့ ပျော်ရွှင်ခြင်းလိပ်ပြာလေးကို အလှကြည့်ဖို့ ဖမ်းထားလို့ ရနိုင်မလားလို့ မေးရင် May Be လို့ ဖြေနိုင်ပါတယ်။ ပျော်ရွှင်မှုတိုင်းဟာ သက်တမ်းတိုတောင်းပေမယ့် အမြဲပဲ ရွှင်မြူးကြည်နူးရပါတယ်။ ခဏလေးပဲ ဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ဖို့ လိုပါတယ်။ ဘဝဆိုတာ အမြဲတမ်း ဒုက္ခတွေနဲ့ချည်း စိတ်ပျက်ငြီးငွေ့စရာမဟုတ်ပါလားလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့ လိုပါတယ်။ ဒီတော့ ပျော်ရွှင်ခြင်းကို လိုက်ဖမ်းကြည့်ရအောင်ပါ။

(၁) အမှတ်တရလေးတွေ ဖန်တီးပါ

Photo: Freepik

အမှတ်တရတွေဟာ ပျော်ရွှင်မှုရဲ့ မကုန်ဆုံးတဲ့အရင်းအမြစ်တစ်ခု ဖြစ်နိုင်ပါတယ်။ ထိုက်တန်စွာ နေထိုင်ခြင်းကို ပံ့ပိုးပေးတဲ့အရာတွေထဲမှာ အတိတ်က ကြည်နူးမှုတွေရဲ့ ပါဝင်မှုလည်း လျှော့မတွက်ထားသင့်ပါဘူး။ နေသမျှ ကာလလေးမှာ ပျော်စရာအမှတ်တရလေးတွေ ချန်ထားခဲ့ပါ။ လူတွေကို ပြုံးပျော်ရယ်မောစေမယ့် အရာလေးတွေ ဖန်တီးခဲ့ပါ။ ဒါဟာ ကိုယ့်အတွက်ရော ကိုယ်နဲ့ သက်ဆိုင်သူတွေပါ ပျော်ရွှင်မှုနဲ့အတူ ပြုံးရီစေနိုင်မယ့် လုပ်ရပ်လည်း ဖြစ်ပါတယ်။

(၂) လေ့လာမှုကို မရပ်လိုက်ပါနဲ့

Photo: Freepik

သင်ယူခြင်းဆိုတာ စိတ်ပျက်စရာကိစ္စမဟုတ်ပါဘူး။ ဘဝမှာ အချိန်ပြည့်ကျောင်းသားကြီးတွေအဖြစ် သင်ယူနေရင်းနဲ့ပဲ စိတ်လှုပ်ရှားစရာ သင်ခန်းစာတွေကို ကျေညက်အောင် လုပ်ရတာကလည်း တစ်နည်းပျော်စရာပဲမလား။ အနည်းဆုံးတော့ ပိုပြီး ပညာတတ်လာသူဟာ အမှားလုပ်တာ ပိုနည်းလာနိုင်ပါတယ်။ အခွင့်အလမ်းတွေ ပိုရလို့ ကျေနပ်စရာဘဝတစ်ခုကို တည်ဆောက်ရာမှာ ပိုလို့ လွယ်ကူလာပါလိမ့်မယ်။

(၃) တခြားသူတွေကို ကူညီပါ

Photo: Freepik

ကြင်နာခြင်းနဲ့ အကူအညီပေးခြင်းဟာ ပျော်ရွှင်ခြင်းဆီ ဦးတည်နေတဲ့ လှေကားထစ်လေးတွေ ဖြစ်ပါတယ်။ လူတွေကို ကရုဏာနဲ့ ဆက်ဆံလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ရော သူတို့ကိုပါ စိတ်သက်သာရာရစေပါတယ်။ ကိုယ်နဲ့ ပြင်ပလောကအကြား တင်းမာနေတဲ့ နံရံတံတိုင်းတွေ ဖြိုခွဲလိုက်တာလည်း ဖြစ်ပါတယ်။ အချိန်အားရမယ်ဆိုရင် ပရဟိတလို့ခေါ်ရတဲ့ လူအများအတွက် စေတနာ့ဝန်ထမ်းပေးတဲ့အလုပ်မျိုး လုပ်ပေးကြည့်ပါ။ လူအများနဲ့ တစ်သားတည်း ဖြစ်သွားခြင်းအားဖြင့် ကိုယ်တစ်ယောက်တည်းဆိုတဲ့ အထီးကျန်စိတ် မဝင်တော့ဘဲ ပိုလို့ ပျော်ရွှင်ကျေနပ်လာတတ်ပါလိမ့်မယ်။

(၄) လက်လွှတ်တတ်ပါစေ

Photo: Freepik

ဘယ်အရာမှ အကြာကြီး ဆုပ်ကိုင်ထားလို့ မရဘူးဆိုတာ သဘောပေါက်ထားပါ။ အချိန်တန်ချိန်လို့ လက်လွှတ်ဆုံးရှုံးရတော့မယ်ဆိုရင်လည်း Let Go လုပ်နိုင်တဲ့ စိတ်အခံမွေးထားရမှာပါ။ ရိုးရိုးလေး ပြောရမယ်ဆိုရင် ဘဝဆိုတာ တစ်ဆက်တည်း ဆက်ဆက်ပြီး သွားနေတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အခြေအနေသစ်မှာ ဘယ်လို နေသာအောင် နေရမလဲဆိုတာ လေ့လာသင်ယူတတ်ပါစေ။

(၅) ကျန်းမာရေးလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Photo: Freepik

အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားပါ။ ဝိတ်မတက်အောင် နေထိုင်ပါ။ အထိုင်လျှော့ပြီး လှုပ်လှုပ်ရှားရှား နေထိုင်ပါ။ နေ့တိုင်း အနည်းဆုံး နာရီဝက်လောက် လမ်းလျှောက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် အားကစားလေး ပုံမှန်လုပ်ပေးပါ။

(၆) စိတ်ချမ်းသာရေး အချိန်ပေးပါ

Photo: Freepik

နေ့တိုင်းမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ငြိမ်းအေးအောင် နေထိုင်ဖို့ အချိန်လိုပါတယ်။ တိတ်ဆိတ်မှုနဲ့ ငြိမ်သက်ခြင်းဟာ စိတ်ကြည်လင်အေးချမ်းရေးအတွက် အရေးကြီးတဲ့ အခြေခံအဆင့်ဖြစ်ပါတယ်။ စိတ်ဖိစီးမှု နည်းအောင် တရားထိုင်ပါ။ ယောဂကျင့်ပါ။ မျက်လုံးတွေ မှိတ်ထားပြီး အသက်ရှုလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။ အရေးကြီးတာ ပျော်ရွှင်မှုဆီ သွားတဲ့ အလုပ်လေးတွေ လုပ်ပေးနေဖို့ ဖြစ်ပါတယ်။