အတားအဆီး အခက်အခဲတွေကတော့ နေရာတိုင်း၊ အချိန်တိုင်းမှ ရှိစမြဲပါပဲ။ အရေးကြီးဆုံးအချက်ကတော့ ထိုအတားအဆီးတွေနဲ့ ကြုံတွေ့လာတိုင်း စိတ်ဓာတ်ကျမသွားဘဲ အရင်ကထက် နှစ်ဆ ပိုကြိုးစားဖို့ပါပဲ။ အတားအဆီး အခက်အခဲတွေကို အဆိုးမြင်စိတ်နဲ့ မကြိုဆိုဘဲ မိမိဘဝ တိုးတက်မြင့်မားရေးအတွက် လှေကားထစ်များသဖွယ်အသုံးပြုကာ အမြင့်သို့ တက်လှမ်းနိုင်ဖို့အတွက် ကြိုးစားလိုက်ပါ။

ပြီးရင်တော့ အခုဖော်ပြပေးမယ့် အချက်လေးတွေကိုလည်း ဆင်ခြင်သုံးသပ်လိုက်မယ်ဆိုရင်တော့ မိမိရဲ့ ရည်မှန်းချက် ပန်းတိုင်ဆီသို့ အချိန်တိုအတွင်း ရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်။

တူညီတဲ့ အမှားတွေကို ထပ်မလဲလဲ မပြုလုပ်မိပါစေနဲ့

Source: kiplinger.com

လူတိုင်းကတော့ အမှားနဲ့မကင်းကြပါဘူး။ အမှားပြုလုပ်မိတဲ့အချိန်မှာ မိမိကိုယ်ကို အရမ်းကာရော အပြစ်မတင်မိဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှ စိတ်ပျက်လက်ပျက် ဖြစ်မသွားဘဲ ရှေ့ဆက်ဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ ကျန်ရှိနေမှာပဲဖြစ်ပါတယ်။ အမှားတွေထဲက သင်ခန်းစာယူရင်း မိမိရဲ့ တက်လမ်းအတွက် အကျိုးရှိရှိအသုံးချလိုက်ပါ။

ပန်းတိုင်များလွန်းခြင်း

Source: tes.com

ရည်မှန်းချက် ပန်းတိုင်ထားရှိတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တာတွေ အရမ်းများပြီး ပန်းတိုင်တွေ အများကြီးထားထားမယ်ဆိုရင် ဟိုမရောက် ဒီမရောက်နဲ့ မျောက်သစ်ကိုင်းလွှတ်သလို ဖြစ်နေပါလိမ့်မယ်။ ရည်မှန်းချက်တွေက အရမ်းများတော့ စိတ်သာဆောင်ပြီး ခန္ဓာကိုယ်က မလိုက်နိုင်ဘူးဆိုရင် သင် ကိုယ်တိုင်ပဲ ပင်ပန်းရမှာပါ။ တိကျသေချာတဲ့ ရည်မှန်းချက်တစ်ခုတည်းကိုသာ ချမှတ်ထားပါ။ ဒါဆိုရင် အောင်မြင်ဖို့ရန်အတွက် ပိုမိုလွယ်ကူသွားပါပြီ။

မိမိရဲ့အားသာချက် အားနည်းချက်တွေကို မသိခြင်း

Source: Shutterstock

မိမိက နည်းပညာပိုင်းမှာ ကျွမ်းကျင်သူလား၊ ငွေရေးကြေးရေး စီမံခန့်ခွဲတဲ့အပိုင်းမှာ တော်တဲ့သူလား၊ အနုပညာပိုင်းမှာ ပါရမီပါသလား စတဲ့ ကျွမ်းကျင်ပိုင်နိုင်ရာကို လိမ္မာပါးနပ်စွာ အသုံးချတတ်ရပါမယ်။ ဒါမှ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်အောင်မြင်မှာပဲဖြစ်ပါတယ်။ နယ်ပယ်တစ်ခုမှာ အောင်မြင်သွားပြီဆိုမှ အခြားနယ်ပယ်တွေဘက် ခြေဆန့်ချင်တယ်ဆိုလည်း မနောက်ကျသေးပါဘူး။

အထောက်အပံ့မရရှိခြင်း

Source: Shutterstock

အထောက်အပံ့ဆိုတဲ့နေရာမှာ ငွေရေးကြေးရေး အထောက်အပံ့တစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ အထောက်အပံ့လည်း ပါဝင်ပါတယ်။ မိမိကြိုးစားလုပ်ကိုင်နေတဲ့အရာကို မိမိရဲ့မိသားစု၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေက အားတက်သရောနဲ့ အားပေးနေမယ်ဆိုရင် ကြိုးစားရတာလည်း အားပိုရှိပါတယ်။ စိတ်ဓာတ်ကျလာတဲ့အချိန်ရှိတဲ့အခါ ရင်းနှီးခင်မင်သူတွေ၊ နားလည်တတ်ကျွမ်းသူတွေထံမှ အကြံဥာဏ်နဲ့ အားပေးစကားများ တောင်းခံလိုက်ပါ။