ပညာရေးဟာ လူ့ဖြစ်စဉ်ကို အကြီးအကျယ် ပြောင်းလဲပစ်လိုက်တဲ့ လက်နက်ဆန်းတစ်ခုပါ။ ခေတ်အဆက်ဆက် အသိပညာ အတတ်ပညာရှင်တွေရဲ့ ကျေးဇူးကြောင့် လူ့သမိုင်းဟာ ဆင့်ကဲတိုးတက် ဖြစ်ထွန်းလာခဲ့ရတယ်ဆိုတာ ငြင်းမရပါဘူး။

ကံအကြောင်းမလှစွာဘဲ ဒီနေ့ခေတ်မှာ တက္ကသိုလ်ဝင်တန်း အမှတ်အနည်းအများကို လိုက်ပြီး ကိုယ်တတ်ချင်တဲ့ ဘာသာရပ်ကို မသင်ရတဲ့ လူငယ်တွေ ဒုနဲ့ဒေး ရှိနေပါတယ်။ ဒီလူငယ်တွေထဲက အတော်များများဟာ သူတို့ ကိုယ်စွမ်းကိုယ်စ ဖွံ့ဖြိုးခွင့် မရတဲ့ နေရာမှာပဲ မြုပ်သွားတာတာတွေကလည်း မနည်းပါဘူး။

တက္ကသိုလ်ဝင်တန်းမှာ အမှတ်မမှီခဲ့လို့ တက်ချင်ပါလျက်နဲ့ မတက်ခဲ့ရတဲ့ ကျောင်းတွေ ၊ တတ်ချင်ပါလျက်နဲ့ မတတ်ခဲ့ရတဲ့ ပညာတွေကို ဖြည့်ဆည်းပြီး ဘဝမှာ ကိုယ်မျှော်လင့်တဲ့ အမြင့်တစ်နေရာကို ရောက်နိုင်တဲ့ နည်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) အားလပ်ချိန်မှာ ပညာရှာပါ

Photo: Pexels

ဆော့ဖ်ဝဲလ်အင်ဂျင်နီယာဖြစ်ချင်တဲ့ လူငယ်တစ်ယောက်ဟာ သူ့ရဲ့ တက္ကသိုလ်ဘဝကို ကွန်ပျူတာတက္ကသိုလ်တို့ နည်းပညာတက္ကသိုလ်တို့ မဟုတ်တဲ့ ကျောင်းတစ်ခု တက်ရပြီ ဆိုပါစို့။ သူ ဖြစ်ချင်တဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက် ဖြစ်ဖို့ သူဘာတွေ လုပ်နိုင်မလဲ။

ဘယ်တက္ကသိုလ်ပဲ ဖြစ်ဖြစ် စနေ ၊ တနင်္ဂနွေ ပိတ်ရက် ရှိပါတယ်။ နောက်ပြီး ညနေခင်း အားလပ်ချိန်တွေလည်း ၂ နာရီစ ၊ ၃ နာရီစ ဆိုသလို ရှိကြပါတယ်။ ဒီအချိန်တွေဟာ တကယ့်ရွှေပါပဲ။ အားလပ်တဲ့ နာရီတွေမှာ ကိုယ်တကယ် သင်ချင်တဲ့ ပညာကို သင်နိုင်ပါပြီ။

ရှေးအတီတေ ကာလတွေမှာတော့ ပညာရေးကို နီးစပ်ရာ ကျောင်းပရဝုဏ်နဲ့ ဆရာသမားတွေဆီ ချဉ်းကပ်ပြီးမှ သင်ကြားခဲ့ရာကနေ ဒီနေ့ဆို သင်ကြားရေးဆိုင်ရာ အခွင့်အလမ်းသစ်တွေ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံး ၊ အင်တာနက်ချိတ်ဆက်မှု ရှိရုံနဲ့တင် သင်ယူနိုင်တဲ့ ပညာတွေလည်း တပုံတပင်ကြီးပါပဲ။ ဒီလို အားလပ်ချိန်မှာ ပညာရှာထားမယ်ဆိုရင် ကျောင်းပြီးတာနဲ့ ကိုယ်အပြင်က သင်ထားတဲ့ ပညာနဲ့ အသက်မွေးနိုင်မှာ ဖြစ်ပါတယ်။

(၂) လက်တွေ့ လုပ်ပါ

Photo: Pexels

ဘယ်အရာမဆို အစ ဆိုတာ ရှိပါတယ်။ တံခါးတစ်ချပ်ကို လှပ်ပြီးပြီ ဆိုတာနဲ့ ရှေ့လျှောက် သွားရမယ့် လမ်းကို မြင်လာပါလိမ့်မယ်။ အခွင့်အလမ်းတွေဟာ လမ်းပေါ်က လူအတွက်ပဲ ဖြစ်ပြီး ထိုင်ငြီးငြူနေသူကို ရှောင်ရှားသွားကြတာ ဓမ္မတာပါပဲ။

ကိုယ်တကယ် ဖြစ်ချင်တဲ့ ပညာတတ်အိပ်မက်ကို အကောင်အထည်ပေါ်ချင်ရင် အခုချိန်မှာ လက်တွေ့လုပ်နေရမှာပါ။ နေ့တိုင်း နေ့တိုင်း ကိုယ်လှမ်းနေတဲ့ ခြေလှမ်းတွေနဲ့ တွေးနေတဲ့ အမြင်အတွေးတွေဟာ ကိုယ့်ပန်းတိုင် ဖြစ်နေရပါမယ်။

ကိုယ်သင်ထားတဲ့ အတတ်ပညာကို အသုံးချရမယ့် လုပ်ငန်းခွင်ထဲ ဝင်ပါ။ ပညာရှင် ဖြစ်ဖို့ ပညာကို အမြဲ ရှင်သန်အောင် အားထုတ် ကြိုးစားနေဖို့ လိုပါတယ်။ ဆရာသမားကောင်းတွေရဲ့ အရိပ်မှာ နေပါ။ ဘဝကို ထက်သန်တဲ့ အမြင်နဲ့ အနာဂါတ်ကို မျှော်ကြည့်ပါ။ အရေးကြီးတာ ကိုယ့်အိပ်မက်ကို လက်တွေ့လုပ်နေဖို့ပါပဲ။

(၃) စာဖတ်ပါ

Photo: Pexels

သင့်ကို တစ်သက်ပန်လုံး သင်ကြားလမ်းပြသွားမယ့် အရာတွေဟာ စာအုပ်စာပေထဲမှာ ရှိနေပါတယ်။ စာဖတ်သူဟာ အရည်အချင်းတူရင်တောင် စာမဖတ်သူထက် ဘဝမှာ အထက်တန်းပိုရောက်ပါတယ်။ စာထဲကနေ ဘဝအသိအမြင်နဲ့ လောကအသိအမြင် နှိုက်ထုတ်စစ်ယူနေသူဟာ သူ့ကိုယ်သူ အမြဲဖြည့်တင်းထားသူ ဖြစ်ပါတယ်။

ဖတ်ထားတဲ့စာကို အသုံးချနိုင်ခြင်းနဲ့ စာပေကို ဘဝရဲ့ မီးရှုးတန်ဆောင်အဖြစ် လမ်းပြထားခြင်းဟာ လူတစ်ယောက်ကို ပိုပြီး တိုးတက်စေတဲ့ အကြောင်းရင်းတွေထဲက အဓိကအချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ပါ။ အိပ်မက်မက်ပါ။ ရှင်သန်အောင် နေထိုင်ပါ။ တိုးတက်အောင် နေ့တိုင်း တွန်းနေသူဟာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာ အောက်ဆုံးအမှတ်နဲ့ ပါစေဦးတော့ တကယ်တတ်တဲ့ ပညာတတ်ဖြစ်လာပါလိမ့်မယ်။