ထက်မြက်ပြီး စမတ်ကျတဲ့အမျိုးသားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်းက အဓိကသော့ချက်ပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူတစ်ယောက်က စစ်မရောက်ခင် မြှားကုန်ဆိုသလို အမြဲတမ်းတစ်ပမ်းရှုံးပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုသာရှိမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်တာကြောင့် ယုံကြည်မှုကို ဘယ်လိုမွေးမြူကြမလဲဆိုတဲ့အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

မိမိရဲ့ အကြောက်တရားကို ရင်ဆိုင်ပါ

Source: crosswalk.com

သင့်စိတ်ထဲမှာ ကိန်းအောင်းနေတဲ့အကြောက်တရားက သင့်ရဲ့အောင်မြင်မှုလမ်းစကို တားဆီးပိတ်ပင်နေတဲ့အရာပဲဖြစ်ပါတယ်။ ဥပမာ သင်က လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် Presentation လုပ်စရာရှိတယ်။ ဒါပေမဲ့ သင်က စင်ပေါ်တက်ရမှာကြောက်တယ်၊ လူရှေ့သူရှေ့ထွက်ရမှာ ကြောက်တယ်ဆိုရင်တော့ ကိုယ်က အကောင်းဆုံးပြင်ဆင်ထားပေမယ့်လည်း  အကောင်းဆုံးတင်ဆက်နိုင်မှာမဟုတ်ပါဘူး။ သူတို့လည်း လူသားတစ်ယောက်၊ သင်လည်း လူသားတစ်ယောက်။ သင် ဘာကိုတွေးကြောက်နေမှာလဲ။ ဒါကတော့ ဥပမာသပ်သပ်သာဖြစ်ပါတယ်။ သင်က ဘာကို ကြောက်သလဲဆိုတာကို သိအောင် လုပ်ပါ။ ထိုအကြောက်တရားကို အနိုင်ယူပစ်လိုက်ပါ။

မိမိရဲ့ လုပ်နိုင်စွမ်းကို ကန့်သတ်မထားပါနဲ့

Source: roscoelilly.org

ကလေးဘဝတုန်းက ပါဝါရိန်းဂျားကြီးလုပ်မယ်၊ စူပါဟီးရိုးကြီးလုပ်မယ်၊ ကမ္ဘာကြီးကို ကယ်တင်မယ်ဆိုပြီး သင် ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ဖူးတယ်မလား။ ဒါပေမဲ့ တဖြည်းဖြည်းအသက်ကြီးလာတော့ ကမ္ဘာကြီးကို ကယ်တင်ဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုတောင် မနည်းကယ်တင်နေရတယ်ဆိုပြီး ပြောနေကြပါတယ်။ ဒါက ဘာ့ကြောင့်လည်းဆိုရင်တော့ အသက်တဖြည်းဖြည်းရလာတာနဲ့အမျှ သင်ငယ်ငယ်က ဆိုဆုံးမခံရတာတွေကြောင့်ရော၊ သင့်ရဲ့ဘဝပေး အသိဥာဏ်ကြောင့်ရော ဘယ်အရာကိုတော့ ငါ လုပ်နိုင်တယ်၊ ဘယ်အရာကိုတော့ လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီး ဝေဖန်ပိုင်းခြားပစ်လိုက်ပါတော့တယ်။ တကယ်တော့ ငါ လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ အတွေးဝင်နေသ၍ ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ပါဘူး။

အကောင်းမြင်စိတ်မွေးပါ

Source: health.spectator.co.uk

ဒီအချက်ကလည်း ခုနကအချက်နဲ့ ဆက်စပ်မှုရှိပါတယ်။ ငါ လုပ်နိုင်မှာမဟုတ်ဘူး။ ဖြစ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ အတွေးတွေကို စွန့်ပစ်လိုက်ပါ။ သင့်ကို အကောင်းမြင်စိတ်နဲ့မဟုတ်ဘဲ အဆိုးမြင်ဝါဒီနဲ့ ဝေဖန်နေတဲ့ထင်မြင်ချက်တွေကိုလည်း ဂရုကိုမစိုက်ပါနဲ့။ ကိုယ်တိုင်ကလည်း အကောင်းမြင်စိတ်မွေးရမှာဖြစ်သလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကောင်းမြင်စိတ်ပြည့်နေတဲ့သူတွေနဲ့သာ လွှမ်းခြုံထားပါ။

ဒီအချက် (၃) ချက်ကိုသာ လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်တော့ မိမိကိုယ်ကိုယုံကြည်မှုတိုးမြှင့်လာပြီး အောင်မြင်မှုက သင့်ရဲ့လက်တစ်ကမ်းအလိုမှာ ဆွတ်ခူးရယူနိုင်မှာဖြစ်ပါတယ်။