ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုတာ ပညာတတ်ရုံ ၊ ရုပ်ရည်ချောမောပြီး ပိုက်ဆံ ချမ်းသာရုံနဲ့ မရပါဘူး။ Self-Confident ရဖို့ဆိုတာ အတွေ့အကြုံတွေ လိုတယ်။ ကိုယ့်ကိုယ်ကို ပြုပြင်လေ့ကျင့်ပေးဖို့ လိုပါတယ်။ Confident ရှိလာဖို့ဆိုရင် နေ့တိုင်း အလေ့အကျင့် လုပ်သွားလို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

(၁) ကိုယ့်ကိုယ်ကို ကန့်သတ်နေတာတွေ ပြန်သိပါ

Photo: Freepik

သင့်အတွေးနဲ့ လုပ်ရပ်တွေကို သင့်ဘာသာ ကန့်သတ်နေတာမျိုး ရှိသလား ပြန်ကြည့်ပါ။ သင်ယုံကြည်ရာကို မလုပ်ရဲအောင် ကြောက်နေတဲ့ စိတ်က ဘယ်ကလာတာလဲ ၊ ဘာကြောင့်လဲ ဖော်ထုတ်ပြီး စိတ်ကို ရှင်းထုတ်ထားပါ။ ဒါဆိုရင် ကိုယ့်ကိုယ်ကို အလွန်အမင်း ကန့်သတ်တာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။

(၂) ကိုယ့်ကိုယ်ကို သံသယဖြစ်တာ လျှော့ပါ

Photo: Freepik

အမှန်တရားတစ်ခုက သင်လည်း ကြီးမြင့်တဲ့သူတစ်ယောက်ပါ။ သင့်မှာ ချစ်စရာကောင်းတဲ့ စိတ်စေတနာတွေ ရှိမယ် ၊ သင့်ရဲ့ ထူးခြားတဲ့ အရည်အသွေးတွေ နဲ့ အားသာမှုတွေ ရှိနေမယ်။ ဒါတွေကို ပြန်စဉ်းစားကြည့်ပါ။ သင့်ကိုယ်သင် သံသယဖြစ်လို့ ဘာကောင်းကျိုးမှ မရဘဲ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးတာပဲ ဖြစ်လာပါလိမ့်မယ်။

(၃) သင့်ကိုယ်သင် စကားပြောပါ

Photo: careeraddict

နေ့တိုင်း ကိုယ့်အတွင်းစိတ်ကို ပြန်စကားပြောပါ။ သင်ပြောမယ့်စကားဟာ သင့်ကိုယ်သင် တိုက်တွန်းအားပေးတဲ့ စကားမျိုးပဲ ဖြစ်ရမှာပါ။ သင်ဟာ အစွမ်းအစရှိတယ်။ ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိလာတယ်။ တစ်နေ့ထက် တစ်နေ့ ကိုယ်ဟာ ပိုကောင်းတာတွေ လုပ်နိုင်တယ် စတဲ့ စကားမျိုးတွေ ပြောရမှာ ဖြစ်ပါတယ်။ သင့်ကိုယ်သင် စကားပြောတာဟာ Self-Confident ရဖို့ မန္တာန်တစ်ခု ရွတ်နေတာပါပဲ။

(၄) လက်တွေ့အသုံးချပါ

Photo: BCJobs

သင့်ကိုယ်သင် ယုံကြည်မှုရှိရှိ နေကြည့်မယ်လို့ စိတ်ပိုင်းဖြတ်ပါ။ တကယ်လည်း လူတွေနဲ့ တွေ့ဆုံ ပြောဆိုရာမှာ ရှက်ကြောက်နေတာမျိုး မဖြစ်ဘဲ ရဲရဲရင့်ရင့် ယုံယုံကြည်ကြည်နဲ့ ရင်းရင်းနှီးနှီးပြောပါ။ နေ့တိုင်း လုပ်သွားမယ်ဆိုရင် ပိုပိုပြီး ယုံကြည်မှု တိုးတက်လာမယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

(၅) အကောင်းမြင်ပါ

Photo: Freepik

ယုံကြည်မှုဟာ အကောင်းမြင်တတ်တဲ့ အမြင်တစ်ခုက စတင်ပါတယ်။ သင်လုပ်နိုင်တယ်/သင်ဟာ လူတွေကြားထဲမှာ အသုံးဝင်တဲ့ လူတစ်ယောက် / နိုင်ငံအတွက်ဆိုရင် ကောင်းမွန်တဲ့ နိုင်ငံသားကောင်းတစ်ယောက် / ရိုးဖြောင့်ပြီး လူတွေကို ချစ်ချစ်ခင်ခင် နေတတ်သူ အကောင်းမြင်တတ်သူတစ်ယောက်ဆိုတဲ့ Self-Confident မျိုးကမှ မှန်ကန်တော်တည့်တဲ့ အမြင်ဖြစ်ပါတယ်။

သင်ဟာ ဘယ်သူမဆိုထက် သာလွန်ကြီးကျယ်နေတာမျိုး မဟုတ်ဘဲ သင်ဟာ ထိုက်တန်ကောင်းမွန်တဲ့ သူဖြစ်ပြီး မျှတမှန်ကန်တဲ့နည်းနဲ့ ကိုယ့်ကိုယ်ကို မြှင့်တင်နေတဲ့ သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်နေတာပဲ ဖြစ်ပါတယ် ။ အခုပြောခဲ့တဲ့ Self-Confident ရှိအောင် နေနည်းဟာ သင့်အတွက်ရော သင်နဲ့ ဆက်နွှယ်ရာ လောကကြီးအတွက်ပါ အကျိုးရှိတဲ့ နည်းတွေ ဖြစ်ပါတယ်။