သင်ဟာ လူတွေနဲ့စကားပြောဖို့ ရှက်ရွံ့တတ်သူလား။ စကားနည်းပြီး သူများတွေရဲ့ အမြင်မှာ ပေါင်းသင်းရခက်တဲ့သူလို့ အထင်ခံရတဲ့သူလား။ ကိုယ့်ကိုယ်ကိုရော ငါဘာကြောင့် အခုလို ဖြစ်နေသလဲလို့ ပြန်တွေးမိသလား။ တကယ်လို့ သင့်မေးခွန်းတွေရဲ့ အဖြေက Yes ဆိုရင် သင်ဟာ လူတွေနဲ့ ပေါင်းသင်းရာမှာ ယုံကြည်မှုနည်းပြီး မဝံ့ရဲသူ တစ်ယောက် ဖြစ်နေလို့ပါ။
Social Confidence နည်းတယ်ဆိုတာ အကြောင်းရင်းတွေ အများကြီး ဖြစ်နိုင်ပါတယ်။ လာခဲ့တဲ့ ဘဝလမ်းကြောင်းက သိမ်ငယ်စရာတွေ ရှိနေလို့ ၊ ကိုယ့်ရဲ့ Type က လူတွေနဲ့ အရောတဝင်မနေတာ ကြာလာလို့ ၊ နောက်ဆုံး သင့်ငယ်စဉ်ဘဝမှာ သင့်မိဘတွေက တစ်ခြားသူတွေနဲ့ တရင်းတနှီးနေတာကို ပိတ်ပင်ထားလို့လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီလိုဖြစ်နေတဲ့ အခြေအနေကို ပြုပြင်သွားရမှာပါ။
လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ရှက်ကြောက် တွန့်ဆုတ်ခြင်း မရှိဘဲ ယုံကြည်မှုရှိရှိနဲ့ ဆက်ဆံနိုင်သူ ဖြစ်ဖို့အတွက် ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။
(၁) လူတွေနဲ့ စကားပြောပါ
Photo: Freepik
သင်ကြောက်တဲ့ အရာတွေဆီကနေ ထွက်ပြေးနေမယ်ဆိုရင် ဆုံးမှာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ယုံကြည်မှု မြင့်တင်ဖို့အတွက် အရေးကြီးတာက ပိုကောင်းတဲ့သင် ဖြစ်လာအောင် ဗားရှင်းမြှင့်ဖိုပါ။ လူတွေနဲ့ စကားပြောပါ။ လူတွေကြားထဲမှာ နေပါ။ ယုံကြည်တဲ့ စိတ်ဖြစ်အောင် နေ့တိုင်းမှာ တည်ဆောက်ရတာ ဖြစ်လို့ လူတွေနဲ့ နေ့စဉ်နေ့တိုင်း စကားပြောနေမယ်ဆိုရင် တဖြည်းဖြည်းနဲ့ လူကြောက်တာ လျော့သွားပါလိမ့်မယ်။
နောက်တစ်ခုက သင့်ကိုယ်သင် ယုံကြည်မှု ရှိအောင် ဝတ်စားပါ။ သင့်ကိုယ်ပိုင် တန်ဖိုးတစ်ခု ဖြစ်အောင် ဖန်တီးတည်ဆောက်ပါ။ ဥပမာ- ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက် ဆွဲဆောင်မှုရှိတာကလည်း တန်ဖိုးတစ်ခုပါ။ လူတွေကို ရယ်ရအောင် ဟာသပြောတတ်တာလည်း တန်ဖိုးတစ်ခု ဖြစ်ပါတယ်။ လူတွေဟာ သူတို့အတွက် တန်ဖိုးတစ်ခု ဖြစ်နေတဲ့ အရာတွေ လူတွေကို အရေးပေးကြပါတယ်။
(၂) အလေးအနက်ကြီး မခံစားမိစေနဲ့
Photo: Freepik
သင့်ကိုယ်သင် ပင်ပန်းစေတဲ့ အတွေးတွေနဲ့ ဖိစီးမခံစေဖို့ အကြံပေးချင်ပါတယ်။ လူတွေက သင်ထင်သလောက်လည်း သင့်ကို စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာပါ။ သင့်မှာသာ တစ်ခုခုကြောင့် အကြာကြီး ရှက်နေ စိုးရိမ်နေတာပါ။ သူတို့က မေ့တောင် သွားလောက်ပါပြီ။ သူတို့ မေ့သည်ဖြစ်စေ မမေ့သည်ဖြစ်စေ ။ သင့်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ထိခိုက်စေနိုင်တဲ့အချက်ကို လက်မခံထားဖို့ပါပဲ။
တစ်ခြားသူတွေရဲ့ စကားလုံးတွေနဲ့ လှောင်ပြောင်မှုတွေကြောင့် သင့်ကိုယ်သင် မထိခိုက်စေဖို့နဲ့ သင့်အတွေးကြောင့်လည်း သင် မပင်ပန်းစေဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်ကို လှောင်ပြောင်လာတဲ့ အရာတွေကို ဟာသတစ်ခုလို သဘောထားပြီး ရယ်မောမေ့ဖျောက်ပစ်ဖို့လည်း လိုပါတယ်။
(၃) တစ်ချို့အမှားတွေ ခွင့်လွှတ်တတ်ပါစေ
Photo: Freepik
တစ်ခြားသူတွေလိုပဲ ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်တတ်ပါစေ။ အမှားအယွင်းလေးတွေကို ခွင့်ပြုပေးလိုက်ပါ။ ဒေါသနဲ့ ရှက်စိတ်ဆိုတာ သင့်အတွက် ကောင်းတဲ့အရာတစ်ခုမှ သယ်မလာပါဘူး။ သင့်ရဲ့ Mindset လေး ပြင်လိုက်ရုံနဲ့ Socially Confident ဖြစ်စရာလမ်းကို သင်ရှာတွေ့သွားမှာပါ။
(၄) ပတ်ဝန်းကျင်ပြောင်းပါ
Photo: Freepik
ဒီတစ်ခုကို သဘောပေါက်စေချင်တာက ရှောင်ပြေးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ သင့်အနေနဲ့ ကိုယ့်ရဲ့ နေရာမှန်ကို ရှာတဲ့ခရီးကို သွားနေတယ်လို့ပဲ မြင်စေချင်ပါတယ်။ လူတစ်ယောက်ဟာ ပတ်ဝန်းကျင်တစ်ခုအတွက် ကိုယ့်ကိုယ်ကို အပွန်းပဲ့ခံပြီး လိုက်ပြင်စရာမလိုပါဘူး။ သင့်ကိုယ်သင် အကောင်းဆုံး ပြုပြင်တည်ဆောက်ထားသည့်တိုင် သင့်ရဲ့ အနေအထားမှန်ကို လက်မခံတဲ့ နေရာမျိုးမှာ ကြာကြာနေစရာမလိုဘူးဆိုတာ သိထားသင့်ပါတယ်။ လူတစ်ယောက်ဟာ ပိုကောင်းတဲ့ နေရာကို ရဖို့ အမြဲထိုက်တန်ပါတယ်။
(၅) အကြံဉာဏ်ယူပါ
Photo: Freepik
Mentorship ဆိုတာ လမ်းရှာတွေ့ဖို့ အမြန်ဆုံးနည်းလမ်းပါ။ သင့်ကို နည်းပြညွှန်ကြားမယ့်သူ ရှိတာဟာ သင့်ရဲ့ ရည်မှန်းချက်ဆီကို အချိန်တိုတိုနဲ့ နည်းမှန်လမ်းမှ ရောက်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကို လူကြားသူကြားမှာ ရဲဝံ့ယုံကြည်တဲ့ စိတ်နဲ့ ဖြတ်သန်းဖို့အတွက် လိုအပ်ရင် သင့်အတွက် နည်းလမ်းဆိုးကောင်း ညွှန်ကြားပေးမယ့် Mentor တစ်ယောက် ရှာသင့်ပါတယ်။