မြန်မြန်သွားချင်ရင် တစ်ယောက်တည်း သွားပါ။ ဝေးဝေးသွားချင်တယ်ဆိုရင်တော့ အတူတူသွားပါ ဆိုတဲ့ အာဖရိကန်စကားပုံတစ်ခု ရှိပါတယ်။ ဒီစကားပုံလေးသည် အဖွဲ့အစည်းစိတ်ဓာတ်က ဘဝမှာ ဘယ်လောက်အရေးပါသလဲဆိုတာ မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။

အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ နောက်ကွယ်မှာ အသင်းအဖွဲ့ကောင်းတစ်ခု အမြဲတမ်းရှိပါတယ်။ အသင်းအဖွဲ့ဆိုသည်မှာ တစ်ယောက်တည်းလုပ်ကိုင်လို့မရတဲ့ အခြေအနေမျိုးမှာ အခက်အခဲမရှိဘဲ အောင်မြင်သွားအောင် ကူညီပေးတာဖြစ်ပါတယ်။

လုပ်ငန်းခွင်တစ်ခုမှာ အောင်မြင်တဲ့အသင်းအဖွဲ့စည်းတစ်ခု စတင်ဖွဲ့စည်းတဲ့အခါ မှန်ကန်တဲ့ဝန်ထမ်း ရွေးချယ်ဖို့လိုအပ်ပါတယ်။ ဝန်ထမ်းအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းသည် တူညီတဲ့ပန်းတိုင်ရှိရမှာဖြစ်ပြီး တူညီတဲ့အားစိုက်ထုတ်မှုလည်း လိုအပ်ပါတယ်။

အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခုဖြစ်အောင်၊ အပေးအယူမျှတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်ဖို့ရန်အတွက် ဘယ်အချက်တွေက ကူညီပေးနိုင်မလဲ။

ဆက်သွယ်ရေးကောင်းမွန်အောင် ကြိုးစားပါ

How To Build A Strong Team

Source: Bobbitt

အဖွဲ့ထဲရှိ လုပ်ဖော်ကိုင်ဖက်အချင်းချင်းက ဆက်ဆံရေး ပြေပြစ်ရဲ့လား၊ အဖွဲ့အစည်းနဲ့ လုပ်ငန်းရှင်အကြား ဆက်ဆံရေးရော ဘယ်လိုအခြေအနေရှိသလဲ စတဲ့အချက်များကို သိရှိထားဖို့လိုအပ်ပါတယ်။ အားလုံးက အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပေမယ့် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ (သို့) ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုရဲ့လား။ လျစ်လျူရှု့ ထားမယ်ဆိုရင်တော့ တစ်ယောက်ချင်းစီရဲ့လုပ်ဆောင်ရည် ကျဆင်းသွားမှာဖြစ်ပြီး လုပ်ငန်းကို ထိခိုက်လာနိုင်ပါတယ်။

မတူညီမှုများကို လက်ခံပါ

How To Build A Strong Team

Source: Conovercompany

အဖွဲ့အစည်းတစ်ခုမှာ လူသားတိုင်းသည် မတူညီတဲ့ မိသားစုနောက်ခံ၊ ပတ်ဝန်းကျင်အခြေအနေ၊ စိတ်နေစိတ်ထား အသီးသီးရှိကြပါတယ်။ တစ်ယောက်ချင်းစီရဲ့ အားသာချက်ကို အလေးပေးပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမတတ်တဲ့ အသင်းအဖွဲ့တစ်ခု တည်ဆောက်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အသင်းအဖွဲ့ရှိ လူတစ်ယောက်ချင်းစီကို လေးစားသမှုနဲ့ ဆက်ဆံရပါမယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား အပြန်အလှန်လေးစားမှုထား ဆက်ဆံတဲ့အခါ ပျော်ရွှင်ပြီး အောင်မြင်ရတဲ့ အဖွဲ့အစည်းစိတ်ဓာတ်ကို ဖန်တီးနိုင်ပါတယ်။

အကောင်းမြင်စိတ်ထားရှိပါ

How To Build A Strong Team

Source: Getassist

လူတစ်ယောက်ကို ပြောင်းလဲစေချင်တဲ့အခါ မကောင်းမြင်စိတ်နဲ့ ဝေဖန်ပြောဆိုခြင်းထက် ကောင်းတဲ့စိတ်နဲ့ အားပေးပြောဆိုခြင်းသည် ထိုလူကို ပြောင်းလဲချင်စိတ် ပိုမိုပေါ်လာစေပါတယ်။ လူတစ်ယောက်ကို မခံချင်စိတ်နဲ့ ကြိုးစားဖို့ဆိုတာ (လုံးဝ) မမျှော်လင့်လိုက်ပါနဲ့။

ဥပမာ – စာညံ့တဲ့သူတစ်ယောက်ကို “မင်းကလည်း စာညံ့လိုက်တာမှ ချာတူးကို လန်နေတာပဲ။ ဒီပုံစံနဲ့တော့ တစ်သက်လုံး ဘာမှတတ်မှာမဟုတ်ဘူး” ဆိုပြီး မကောင်းမြင်စိတ်နဲ့ ဝေဖန်သည်ဖြစ်စေ တစ်ဖက်လူကို မခံချင်စိတ်နဲ့ ကြိုးစားလာချင်အောင် ပြုလုပ်ချင်တာပဲဖြစ်စေ ပြောဆိုလိုက်တဲ့အခါ သင် လိုချင်တဲ့ရလာဒ်ကို ဘယ်တော့မှ ရလာမှာမဟုတ်ပါဘူး။

လုပ်ငန်းခွင်မှာလည်း ထိုနည်း၎င်းပါပဲ။ တစ်စုံတစ်ယောက်ရဲ့အားနည်းချက်ကို ဖိနှိပ်ပြီး ပြောဆိုနေတာထက် သူ့ရဲ့အားသာချက်ကို အရင်ဆုံး မီးမောင်းထိုးပြပါ။ ထို့နောက် အားနည်းချက်ကို “ဒီလိုလေး လုပ်တာကတော့ ကောင်းတယ်။ အခြားတစ်နည်းနဲ့ လုပ်လိုက်ရင်တော့ ပိုကောင်းသွားမှာပဲ” ဆိုပြီး ပညာရှိဆန်ဆန် ပြောဆိုနိုင်ပါတယ်။

Source: Masterclass.com

Featured Image Source: Forbes