လူတိုင်းက အောင်မြင်ပျော်ရွှင်ပြီး အများက အထင်ကြီးလေးစား အားကျရတဲ့ ဘဝကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ ဒါပေမဲ့ ကြိုးစားအားထုတ်မှု မရှိရင်တော့ ထိုစိတ်ကူးအိပ်မက်က အလွယ်တကူ ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ စိတ်ကူးယဉ်အိပ်မက်နဲ့တင် အဆုံးသတ်သွားမှာပါ။
ကြိုးစားမှု မစိုက်ထုတ်ချက်သူတွေ ရေသာခိုတဲ့လူစုထဲမှာ မိမိကိုယ်တိုင် ပါဝင်မနေဖို့ အထူးသတိထားရပါမယ်။ ဒါမှ အဆင့်အတန်းမြင့်ပြီး အောင်မြင်ပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
ဒီလိုတိုးတက်အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဘယ်လိုစိတ်ထားမျိုးဖြင့် ကျင့်ကြံနေထိုင်ရမလဲ။
ဝေဖန်မှုကို လက်ကမ်းကြိုဆိုပါ
သင့်ကို မနာလိုသူများက အချိန်ရှိသရွေ့တိုက်ခိုက်ဖို့သာ ချောင်းမြောင်းနေကြမှာပါ။ ထိုကဲ့သို့တိုက်ခိုက်မှုတွေကို အချိန်ပေးပြီး အဖက်လုပ်မနေပါနဲ့။ သင်ပဲ စိတ်ညစ်ရပါလိမ့်မယ်။ သူတို့ကို အချိန်ပေးမယ့်အစား မိမိက ဘယ်လိုလူစားလဲဆိုတာကို သက်သေပြပါ။
မိမိကို ကောင်းစေချင်လို့ ဝေဖန်ထောက်ပြတဲ့အရာ၊ မိမိရဲ့အမှန်တကယ်အားနည်းချက်များကို အားသာချက်အဖြစ် ပြုပြင်ပြောင်းလဲပြီး အောင်နိုင်သူတစ်ယောက်အဖြစ် ရပ်တည်လိုက်ပါ။
အရာရာတိုင်းအပေါ် ချင့်ချိန်သုံးသပ်ပါ
သင့်မျက်စိနဲ့ မြင်သမျှအရာတိုင်းက မှန်တာတွေလည်း ရှိသလို မှားတာတွေလည်း ရှိပါတယ်။ ဥပမာ လူအများစုက သူတို့ ဝင်ငွေဘယ်လောက်ရှိကြောင်း၊ ဘယ်လောက်သုံးနိုင် ဖြုန်းနိုင်ကြောင်း ကြွားလုံးထုတ်ကြပါလိမ့်မယ်။ သင့်အနေနဲ့ သူတို့အဆင်ပြေနေတာကြည့်ပြီး ငါလည်း ကြိုးစားရဲ့သားနဲ့ ဘာ့ကြောင့်အခုချိန်ထိ မအောင်မြင်သေးလဲဆိုတဲ့ သိမ်ငယ်စိတ် ဝင်လာပါလိမ့်မယ်။ ပြီးတော့ ဆက်ကြိုးစားချင်စိတ်လည်း ပျောက်ဆုံးသွားပါလိမ့်မယ်။
ဒါ့ကြောင့် အွန်လိုင်းပေါ်မှာ မြင်သမျှအရာတိုင်းကို ဇွတ်မှိတ်မယုံလိုက်ပါနဲ့။ အွန်လိုင်းပေါ်မှာမှ မဟုတ်ပါဘူး။ မိမိနေ့စဉ်ဘဝမှာ မြင်ရကြားရသမျှကို မိမိရဲ့အသိဉာဏ်နဲ့ သေချာယှဉ်ထိုးပြီး မှန် မမှန် ချင့်ချိန်သုံးသပ်သင့်ပါတယ်။
ကျန်းမာရေးကို ဂရုစိုက်ပါ
“အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့အတိုင်း ဘဝမှာ ကျန်းမာရေးက အဓိက ကျပါတယ်။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာပြီး စိတ်သွားတိုင်း ကိုယ်ပါကာ မိမိကြံရွယ်သမျှကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာပါ။
ဒါ့ကြောင့် အာဟာရမျှတစွာ စားသုံးပါ။ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ အစားအစာများ စားသုံးဖို့ လိုသလို လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။
မိမိ မိသားစုဝင်များ၊ သူငယ်ချင်း မိတ်ဆွေများအတွက် အချိန်ပေးပါ
မိသားစုအတွက် ပိုက်ဆံတွေ အသည်းအသန် ရှာပြီး မိသားစုအတွက် အချိန်မပေးနိုင်တဲ့သူတွေ တပုံကြီးပါပဲ။ လောကမှာ လူသားများက တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းအမှီသဟဲပြုပြီး မှီခိုနေကြရတာပါ။ တစ်ချိန်လုံး အလုပ်ချည်းပဲ လုပ်နေမယ်ဆိုရင် ကြာလာတဲ့အခါ စိတ်ကျရောဂါ ခံစားရနိုင်ချေရှိပါတယ်။
ဒါ့ကြောင့် ဘဝမှာ တစ်ယောက်တည်း အထီးကျန်ဆန်စွာ မဖြတ်သန်းဘဲ အလုပ်ချိန်မှာ သေချာ အလုပ်လုပ်သလို နားချိန်မှာလည်း မိသားစုဝင်များ သူငယ်ချင်း မိတ်ဆွေများနဲ့ အတူတူ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးပါ။
Source: Medium.com